မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ တောင်ကလေးကျေးရွာက ကြံ့ခိုင်ရေးပါတီ မြို့နယ်ကော်မတီဝင် အမျိုးသားတဦး ဒီနေ့ မတ် ၂၄ ရက် မနက်ပိုင်းက သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကျိုက်ထိုမြို့နယ်၊ ကွင်းကလေးကျေးရွာအုပ်စု၊ တောင်ကလေးကျေးရွာမှာ ဒီကနေ့မနက် ၉ နာရီခွဲအချိန်က မြို့နယ်ကော်မတီဝင်တယောက်ဖြစ်တဲ့ အသက် ၅၇ နှစ်အရွယ် ဦးစံလွင် ပစ်ခတ်ခံခဲ့ရတာလို့ တောင်ကလေးကျေးရွာနေသူတယောက်က ပြောပါတယ်။
“မနက်တုန်းက ဆိုင်ကယ်နဲ့သူတယောက်တည်း ရုံးကိုအလာ ရွာထဲက ဦးတိုးတို့အိမ်ရှေ့နားမှာ ပစ်ခံရတာ။ သူ့နောက်ကပါလာတဲ့ ဆိုင်ကယ်နဲ့လူနှစ်ယောက်က ပစ်သွားတာ။ သေနတ်နဲ့ ၄၊ ၅ ချက်လောက်ပစ်သွားတာ၊ ပွဲချင်းပြီးပဲ” လို့ သူက ပြောပါတယ်။
အဲဒီပစ်ခတ်မှုကြောင့် ဦးစံလွင်ရဲ့ ဝဲဘက်နားထင် ဖောက်ထွက် ဒဏ်ရာ ၁ ချက်၊ ယာပခုံးဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ကျောကုန်း ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာနားရွက်အောက် ဖောက်ဝင်ဒဏ်ရာ ၁ ချက် ရရှိခဲ့ပြီး အခင်းဖြစ်နေရာမှာသေဆုံးသွားတယ်လို့ သိရပါတယ်။
ကျိုက်ထိုတော်လှန်ရေး အင်အားစုကတော့ ဦးစံလွင်ဟာ တောင်ကလေးရွာရဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး အသစ်ဖြစ်ပြီး ကျေးရွာအုပ်စုထဲက လူငယ်လူရွယ်တွေကို စစ်မှုထမ်းဖို့ အတင်း အဓမ္မ စာရင်းကောက်တာ၊ စုဆောင်းတာလုပ်နေသလို မနက်ဖြန် မတ် ၂၅ ရက်နေ့မှာလည်း မဲနှိုက်ခိုင်းဖို့ရှိနေတာကြောင့် သတိပေးချက် ထုတ်ပြန်ထားတဲ့အတိုင်း ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ထုတ်ပြန်ပါတယ်။
ကျိုက်ထို တော်လှန်ရေးအင်အားစုနဲ့ ကျိုက်ထို ပကဖတို့ ပူးပေါင်းအဖွဲ့ကနေ လုပ်ဆောင်တာလို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ မတ် ၂၂ ရက်နေ့ မနက်ပိုင်းကလည်း ကျိုက်ထိုမြို့နယ်၊ တောင်သူစုရပ်ကွက်က အသက် ၅၀ ကျော်အရွယ် ခရိုင်ထောက်လှမ်းရေးအဖွဲ့ဝင် အမျိုးသားတဦး ပစ်ခတ်ခံခဲ့ရပြီး သေဆုံးခဲ့ပါသေးတယ်။