စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်က မီးဘေးသင့်စစ်ဘေးရှောင်လူဦးရေ ၄၀၀ ကျော်အတွက် စားနပ်ရိက္ခာနဲ့ အိမ်အသုံးအဆောင်ပစ္စည်းတွေ လှူဒါန်းထောက်ပံ့ပေးခဲ့တယ်လို့ အညာပစ်တိုင်းထောင်လေးများ အဖွဲ့ဆီက သိရပါတယ်။
မတ် ၂၂ ရက်နေ့မှာ ပုလဲမြို့နယ်က မီးဘေးသင့်အိမ်ထောင်စု ၈၇ စု၊ လူဦးရေ ၄၀၀ ကျော်အတွက် ဒယ်အိုး၊ စောင်နဲ့ စားနပ်ရိက္ခာအပါအဝင် ပစ္စည်း ၁၆ မျိုးကို တအိမ်ထောင်စုအတွက် ကျပ် ၇၁,၀၀၀ ကျော်နှုန်းနဲ့ ကျပ်ငွေ ၆၂ သိန်းနီးပါး လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။
အညာပစ်တိုင်းထောင်လေးများအဖွဲ့ တာဝန်ရှိသူက “မီးဘေးသင့်အိမ်ထောင်တွေအတွက် အရေးပေါ်လိုအပ်တဲ့ ဒန်အိုးဒန်ခွက်တွေ၊ တခြားလိုအပ်တဲ့ ပစ္စည်းတွေကို ထောက်ပံ့ပေးခဲ့တာပါ။ ပြည်သူတွေရဲ့အခက်အခဲကို နိုင်တဲ့တာဝန်လေးက ထမ်းဆောင်ခဲ့တာပါ။ သူတို့ ဆုံးရှုံးခဲ့တာထက်စာရင် ကျနော်တို့ ကူညီတာက ပမာဏအားဖြင့် မပြောပလောက်ပါဘူး” လို့ ပြောပါတယ်။
အညာပစ်တိုင်းထောင်လေးများအဖွဲ့ဟာ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်က မီးဘေးသင့်စစ်ဘေးရှောင် ပြည်သူတွေကို ကူညီထောက်ပံ့ပေးနေတဲ့အဖွဲ့ ဖြစ်ပါတယ်။