Home
မြန်မာသတင်း
နီပေါနိုင်ငံသား ၁၃ ဦးကို မြန်မာနယ်စပ်ရှိ တရုတ်အွန်လိုင်းငွေလိမ်ဂိုဏ်းလက်မှ ကယ်တင်
DVB
·
March 24, 2024
cyber-hacker_24032024

မြန်မာနိုင်ငံမှာ လှုပ်ရှားနေတဲ့ တရုတ်ရာဇဝတ်ဂိုဏ်းတခုရဲ့ လက်ထဲကနေ နီပေါနိုင်ငံသား ၁၃ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း နီပေါနိုင်ငံအခြေစိုက် Khabarhub သတင်းမှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံရဲ့ အစွန်အဖျားကျေးရွာတွေမှာ အွန်လိုင်းရာဇဝတ်မှုတွေနဲ့ လိမ်လည်မှုတွေ ဖိအားပေး ခိုင်းစေခံခဲ့ရတဲ့သူတို့ကို သောကြာနေ့မှာ နေရပ်ပြန်ပို့ခဲ့ပြီးပြီလို့ သိရပါတယ်။  မြန်မာပြည် ဘယ်နေရာမှာရှိတဲ့ ရာဇဝတ်ဂိုဏ်းဆိုတာကိုတော့ သတင်းမှာ အတိအကျ ဖော်ပြထားခြင်း မရှိပါဘူး။

အဲဒီလိုပြန်ကယ်တင်နိုင်ရေးအတွက် ထိုင်းနိုင်ငံရှိ နီပေါသံရုံးနဲ့ မြန်မာနိုင်ငံက အာဏာပိုင်တွေ ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

ကယ်တင်ရရှိခဲ့သူတွေကို မြန်မာရဲတပ်ဖွဲ့က နီပေါအာဏာပိုင်တွေဆီ လွှဲပြောင်းအပ်နှင်းခဲ့ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ နီပေါသံအမတ်ကြီး ဒဟန်ဗဟာဒူအိုလီက အတည်ပြုပေးခဲ့ပါတယ်။

ကယ်တင်နိုင်ခဲ့တဲ့ နီပေါနိုင်ငံသားတွေဟာ တိုင်းရင်သားလက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေထဲမှာ အွန်လိုင်းလိမ်လည်မှုတွေကို ဖိအားပေး ခိုင်းစေခံခဲ့ရတာဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ နီပေါသံအမတ်ကြီး ဟာရစ်ချန်ဒရာဂဟီမီရာက ပြောပါတယ်။

တားမြစ်ထားတဲ့ ကန့်သတ်ချက်တွေကြောင့် နီပေါသံရုံးဝန်ထမ်းတွေဟာ အဲဒီနယ်မြေထဲကို ဝင်ရောက်နိုင်ခြင်း မရှိတာကြောင့် အဲဒီနေရာမှာ နီပေါနိုင်ငံသား ဘယ်နှဦး ရောက်ရှိနေတယ်ဆိုတာ အပါအဝင် တိကျတဲ့ အချက်အလက်တွေ မရနိုင်ဘူးလို့ နီပေါသံအမတ်က ပြောပါတယ်။

တလ နီပေါရူပီးငွေ တသိန်းခွဲ ပေးမယ်လို့ပြောကာ သူတို့ကို ခေါ်ဆောင်သွားခဲ့တာဖြစ်ပြီး လက်တွေမှ့ာတော့ စောင့်ကြည့်မှုအောက်မှာ တရက်ကို အလုပ်ချိန် ၁၆ နာရီနဲ့ ၁၈ နာရီကြား ဖိအားပေး ခိုင်းစေခံခဲ့ရတယ်လို့ ပြန်လည်ကယ်တင်နိုင်ခဲ့သူတွေက ပြောပါတယ်။

အဲဒီနယ်မြေထဲမှာ လှုပ်ရှားနေတဲ့ အေးဂျင့်တွေက သူတို့ အသုံးပြုဖို့အတွက် Facebook ၊ Whatsapp ၊ Twitter ၊ Instagram တို့လို လူမှုကွန်ရက်တွေမှာ အကောင့်အတုတွေ ဖွင့်ပြီး သုံးဖို့ ပေးထားကြောင်းနဲ့  တရားဥပဒေနဲ့မညီတဲ့ လုပ်ငန်းတွေကို VPN တွေကနေတဆင့် လုပ်ဆောင်ဖို့ လှည့်ဖြားလိမ်လည်ရတာဖြစ်ကြောင်း ပြောပြပါတယ်။

သူတို့ရဲ့ ပြောပြချက်အရ အဲဒီနယ်မြေမှာ သူတို့လို ဖိအာပေး ခိုင်းစေခံနေရတဲ့ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ ဇင်ဘာဘွေ၊ သီရိလင်္ကာ၊ ဘရာဇီးနဲ့ ပိုလန်နိုင်ငံသားတွေရှိနေသလို နောက်ထပ် နီပေါနိုင်ငံသား ရာနဲ့ချီရှိနေသေးကြောင်း သိရပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ ရောက်ရှိလုပ်ကိုင်နေတဲ့ နီပေါနိုင်ငံသား အရေအတွက် အတိအကျသိရှိနိုင်မှု မရှိခြင်းကို နီပေါနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း သိရှိလက်ခံထားပြီး ဖြစ်ပါတယ်။

အဲဒီနယ်မြေမှာ ရောက်ရှိလုပ်ကိုင်နေရသူတွေဟာ တရုတ် ရာဇဝတ်ဂိုဏ်းတွေက သတ်မှတ်ထားတဲ့ အချက်တွေအတိုင်း လိုက်နာဆောင်ရွက်နိုင်ခြင်း မရှိပါက ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ နှိပ်စက်မှုတွေ ခံစားရပြီး ဖမ်းဆီးထားခြင်း၊ အစာအငတ်ထားခြင်းတွေကို ခံစားကြရကြောင်းလည်း နီပေါသတင်းမှာ ဖော်ပြထားပါတယ်။

Source: Khabarhub

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013