Home
Lead Story
မြို့သိမ်းတိုက်ပွဲများ ဆက်လက်ဆင်နွှဲရန် ပြင်ဆင်နေဟု ချင်းအမျိုးသားတပ်ဦး (CNF)ပြော 
အောင်သူ
·
March 24, 2024
CNF _24032024

ချင်းပြည်နယ် တပြည်နယ်လုံး စစ်အာဏာရှင်လက်အောက်က လွတ်မြောက်ပြီး ကိုယ်ပိုင်အုပ်ချုပ်ရေးနဲ့ အစားထိုးနိုင်ဖို့ ပြည်နယ်အတွင်းမှာ စစ်ကောင်စီ အုပ်ချုပ်နေတဲ့ မြို့တွေကို တိုက်ခိုက်ပြီး  မြို့သိမ်းတိုက်ပွဲတွေ ထပ်မံဆင်နွှဲနိုင်ဖို့ ပြင်ဆင်နေတယ်လို့ ချင်းအမျိုးသားတပ်ဦး (CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ဒီဗွီဘီကို ပြောပါတယ်။

မြို့သိမ်းတိုက်ပွဲတွေ စခန်းသိမ်းတိုက်ပွဲတွေ ဆောင်ရွက်တာဟာ လွယ်ကူတဲ့စစ်ဆင်ရေးတခု မဟုတ်ဘဲ အထိုင်တပ်စခန်းတွေကို ထိုးဖောက်ဝင်ရောက်ပြီး တိုက်ခိုက်ရတာကြောင့် အထိအခိုက် အကျအဆုံး ပိုရှိနိုင်တယ်လို့ ဆိုပါတယ်။

အခုလိုတိုက်ပွဲတွေ ဖော်ဆောင်နိုင်ဖို့  တပ်ဖွဲ့အားလုံးဟာ အမိန့်ပေးစေခိုင်းမှု တခုတည်းအောက်မှာ ရှိနေဖို့ လိုအပ်သလို အကြီးမားဆုံး အခက်ခဲကတော့ စစ်ကောင်စီဘက်က ပြည်သူလူထုကို လူသားဒိုင်းအဖြစ် အသုံးပြုတာဖြစ်တယ်လို့ ဆလိုင်းထက်နီက ဒီဗွီဘီနဲ့ သီးသန့်အင်တာဗျူးမှာ ပြောပါတယ်။

ချင်းပြည်နယ်မှာရှိတဲ့ ၁၈ မြို့ထဲက ၈ မြို့ကို CNF နဲ့ ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က သိမ်းပိုက်ထားပြီး အဲဒီသိမ်းပိုက်ထားတဲ့ မြို့တွေထဲမှာ အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးမှာ အချက်အချာကျတဲ့ ရိခေါ်ဒါရ်မြို့လည်း ပါဝင်ပါတယ်။

အဲဒီနယ်စပ်ကုန်သွယ်ရေးကို  CNF နဲ့ ချင်းပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားပြီး မြန်မာပြည်တွင်း ကုန်သွယ်ရေးလမ်းကြောင်းကို လွတ်လပ်စွာ ဆောင်ရွက်ခွင့်ပြုထားတယ်လို့ CNF ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်တွေဟာ တိုက်ပွဲတိုင်းမှာ ရှုံးနိမ့်နေပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က တော်လှန်ရေးအနိုင်ရရှိတော့မှာဖြစ်လို့ ပြည်သူတွေအနေနဲ့ ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေကိုချပြီး အာဏာရှင်စနစ်ကို ပူးပေါင်းတိုက်ခိုက်ကြဖို့ လိုတယ်လို့လည်း ဆိုပါတယ်။

ချင်းပြည်နယ်လုံးရဲ့ ၇၀ ရာခိုင်နှုန်းကို ချင်းပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ထိန်းချုပ်ထားပြီး ချင်းတပြည်နယ်လုံးမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ ၁၇ ဖွဲ့ရှိပါတယ်။

အဲဒီအဖွဲ့တွေက သက်ဆိုင်ရာမြို့နယ်တွေ နယ်မြေစိုးမိုးထိန်းချုပ်ထားပြီး ချင်းပြည်ချင်းလန်း အုပ်ချုပ်ရေးအစိုးရအဖွဲ့တွေနဲ့ လည်ပတ်ဆောင်ရွက်နေကာ စစ်ကောင်စီရဲ့ တပ်တွေကတော့ သူတို့ ထိန်းချုပ်တဲ့ မြို့နယ်တွေရဲ့ အပြင်ဘက်ကို ထွက်နိုင်တဲ့အခြေနေမှာရှိမနေဘူးလို့ ဆိုပါတယ်။

လတ်တလောမှာ ချင်းပြည်နယ်အတွင်း စစ်ကောင်စီနဲ့  ချင်းအမျိုးသားတပ်ဦး (CNF) နဲ့ ချင်းပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့တွေကြားမှာ ကြီးမားတဲ့ တိုက်ပွဲတွေမရှိပေမဲ့ ချင်းပြည်နယ်အစပ် စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာတော့ တိုက်ပွဲတွေက ပြင်းထန်နေပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013