ရန်ကုန်ပြည်လမ်း ကုန်းမြင့်သာရှိ ရန်ကုန်တိုင်းစစ်ဌာနချုပ်ဝင်းထဲက စစ်ကောင်စီအရာရှိကြီးတွေ ဂေါက်သီးရိုက်ကစားနေတဲ့ ဂေါက်ကွင်းနေရာကို မတ် ၂၂ ရက် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်လောက်က အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်ပကဖ (အထူးတပ်ဖွဲ့) ဆီက သိရပါတယ်။
တိုက်ခိုက်မှုကြောင့် ဗိုလ်မှူးကြီး ၁ ယောက် အပါအဝင် ဒုဗိုလ်မှူးကြီး၊ ဗိုလ်မှူး၊ ဗိုလ်ကြီး၊ တပ်ကြပ်ကြီး၊ ရဲဘော်၊ စည်ပင်ဝန်ထမ်း စုစုပေါင်း အယောက် ၂၀ လောက်သေဆုံးသွားပြီး ဗိုလ်မှူး ၁ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ရန်ကုန်ပကဖ(အထူးတပ်ဖွဲ့)ဆီက သိရပါတယ်။
မိုင်းပေါက်ကွဲမှုကြောင့် ရန်ကုန်တိုင်းစစ်ဌာနချုပ် ဝင်းထဲက ဆက်သွယ်ရေး အဆောက်အဦတခု မီးလောင်ပျက်စီးပြီး၊ နားနေဆောင် ကင်းတဲထဲမှာ ချန်ရစ်ထားခဲ့တဲ့ လက်နက်နဲ့ကျည်တွေပါ မိုင်းပေါက်ကွဲမှုကြောင့် မီးလောင်သွားကြောင်း၊ ဂျန်နရေတာတလုံးလည်းမီးလောင်ပြီး ရန်ကုန်တိုင်းခန်းမဆောင်အမိုးပျက်စီးကြောင်း ရန်ကုန်ပကဖ(အထူးတပ်ဖွဲ့)ဆီကသိရပါတယ်။
ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။