ကရင်နီပြည်ထဲမှာ ၉၀ ရာခိုင်နှုန်းကို တော်လှန်ရေးတပ်တွေက ထိန်းချုပ်ထားပြီး စစ်ကောင်စီ စခန်းပေါင်း ၆၅ ခုကို သိမ်းပိုက်ထားနိုင်ပြီလို့ ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက ဒီနေ့ မတ် ၂၃ ရက်မှာ ထုတ်ပြန်လာပါတယ်။
မိုခါမှုန်တိုင်းစစ်ဆင်ရေးမှာ ကရင်နီတော်လှန်ရေးပူးပေါင်းတပ်တွေက နယ်စပ်စခန်း ၇ ခုနဲ့ မယ်စဲ့မြို့ကို ၂၀၂၃ ခုနှစ်အတွင်း အပြီးသတ်သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ပြီး ၁၁၁၁ စစ်ဆင်ရေးအစိတ်အပိုင်း တခုဖြစ်တဲ့ လွိုင်ကော်မြို့သိမ်းတိုက်ပွဲကြောင့် ရွာသစ်မြို့၊ မော်ချီးနဲ့ မယ်စဲ့မြို့နယ်တို့က စစ်ကောင်စီတပ်တွေ တပ်ဆုတ်ပြီး လွိုင်ကော်မြို့မှာ တပ်အင်အား ဖြည့်တင်းရတယ်လို့ ဆိုပါတယ်။
၁၁၁၁ စစ်ဆင်ရေးစတင်ပြီးနောက် ကရင်နီပြည်က မယ်စဲ့၊ ဒီးမော့ဆို၊ ရွာသစ်၊ ရှားတောနဲ့ မော်ချီး၊ မိုးဗြဲ၊ နန်းဖယ်ခုံစတဲ့ ၇ မြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်နိုင်ခဲ့ပြီး ၁၁၁၁ စစ်ဆင်ရေးနောက်ပိုင်း စစ်ကောင်စီစွန့်ခွာတပ်ဆုတ်သွားတဲ့ စခန်း ၁၆ ခုရှိတယ်လို့ ဆိုပါတယ်။
ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်တွေက သိမ်းပိုက်နိုင်ခဲ့တဲ့ စစ်ကောင်စီတပ်စခန်းတွေကတော့ လွိုင်ကော်မြို့နယ်မှာ စခန်း ၁၂ ခု၊ ဒီးမော့ဆိုမြို့နယ်မှာ စခန်း ၁၃ ခု၊ ဖားဆောင်မြို့နယ်မှာ စခန်း ၉ ခု၊ ဘောလခဲမြို့နယ်မှာ စခန်း ၅ ခု၊ ရှားတောမြို့နယ်မှာ စခန်း ၇ ခု၊ ဖယ်ခုံမြို့နယ်မှာ ၁၇ ခု၊ မယ်စဲ့မြို့နယ်မှာ ၁ ခုနဲ့ ဖရူဆိုမြို့နယ်မှာ ၁ ခု၊ စုစုပေါင်း တပ်စခန်း ၆၅ ခုဖြစ်တယ်လို့ ဆိုပါတယ်။
၁၁၁၁ စစ်ဆင်ရေးနောက်ပိုင်းမှာ ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စိုမိုးနယ်မြေတေွ ပိုမိုကျယ်ပြန့်လာပြီး ကရင်နီပြည်တဝှမ်းလုံးမှာ စိုးမိုးတပ်ဖြန့်နိုင်တာကြောင့် စစ်ကောင်စီတပ်တွေဟာ သူတို့တပ်တွေရှိတဲ့ နေရာနည်းနည်းမှာပဲ နယ်မြေစိုးမိုးနိုင်တော့တယ်လို့ ဆိုပါတယ်။