Home
မြန်မာသတင်း
အရာတော်တွင် ၂ ရက်ဆက် တိုက်ပွဲဖြစ်၊ ဘုတလင်မြို့နယ် ငရေဝင်ရွာကို စစ်တပ်မီးရှို့
DVB
·
March 23, 2024
fire 2332024

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်‌ရေးတပ်တို့ ၂ ရက်ကြာ

တိုက်ပွဲပြင်းထန်ခဲ့ပြီး ဘုတလင်မြို့နယ်၊ ငရေဝင်ရွာကို မတ် ၂၂ ရက်နေ့ ညနေပိုင်းမှာ စစ်ကောင်စီက ဝင်ရောက်မီးရှို့ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အရာတော်မြို့နယ်မှာ မတ် ၂၁ ရက်နေ့က မြို့ အနောက်ဘက် အရာတော်-မုံရွာ ကားလမ်းမပေါ်မှာရှိ တဲ့ ကမ်းပြူကျေးရွာနဲ့ တုံးတင်ကန်ကျေးရွာအနီးမှာ တိုက်ပွဲစဖြစ်ခဲ့ပြီး အနီးအနားက ဒေသခံတွေ စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။

မတ် ၂၂ ရက်နေ့မှာလည်း ကမ်းပြူကျေးရွာအနီးမှာ တနေကုန် တိုက်ပွဲဖြစ် နေတာကြောင့် ကမ်းပြူ၊ ချမ်းသာ၊ တုံးတင်ကန်ကျေးရွာတို့က ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

တိုက်ပွဲမှာ စစ်ကောင်စီဘက်က အကျဆုံးများတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်က ပြောဆို ပေမဲ့ ဒီဗွီဘီအနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်က “သူတို့ စထွက် လာလာချင်း အသေအချာ နေရာယူပြီး လက်နက်အမျိုးစုံနဲ့တိုက်ခိုက်ခဲ့တာဗျ။ ဒရုန်းနဲ့လည်း ဗုံးသီးချပြီးလည်း တိုက်ခိုက်ခဲ့တယ်။ စကစဘက်က အထိခိုက်အသေဆုံးများတယ်။ နောက်ပြီး ဒဏ်ရာရ စစ်သားတွေကို အရာတော် ဆေးရုံမှာ ဆေးကုသနေပြီး စစ်ကောင်စီတပ်က ဆေးရုံရှေ့ဖြတ်သန်းသွားလာခွင့်မပြုရဘူး လို့လည်း ဒေသခံ တွေဆီကနေ ပြန်သိထားရတယ်။ ကျနော်တို့ဘက်ကတော့ အခု နေ့လယ်ခင်း အချိန်အထိ အထိခိုက်အကျဆုံးမရှိသေးဘူး” လို့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ပြောပါတယ်။

စစ်ကောင်စီတပ်ကတော့ လက်နက်ကြီးတွေနဲ့ အနီးပတ်ဝန်းကျင်ကို ရမ်းသန်းပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ငရေဝင်ရွာကို မတ် ၂၂ ရက်နေ့ ညနေ ၆ နာရီခွဲအချိန်က ကူတော်ရွာ အထိုင်စခန်းက စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတယောက်က “သူတို့စထွက်လာပြီး မွန်တောရွာကပြည်သူတွေရဲ့ ဆန်ဆီတွေ ခိုးယူတာတွေ လုပ်တယ်။ အဲလိုယူလာပြီး ကျနော်တို့ ငရေဝင်ရွာကို အကြောင်းမဲ့ မီးရှို့တယ်ဗျာ။ အဲလိုမီးရှို့လို့ ပြည်သူနေအိမ် ၁ လုံး၊ စပါးကျီ ၁ လုံးနဲ့နွားစာတိုက် ၁ လုံး မီးလောင်ကျွမ်းခဲ့ရတယ်။ နောက်ပြီး မွန်တောရွာကနေခိုးယူလာပြီး တင်လာတဲ့ ကားက ငရေဝင်ရွာထဲမှာ တိမ်းမှောက်ပြီး ကျန်ရစ်ခဲ့တယ်ဗျ။ စကစတွေကတော့ ကူတော်ရဲစခန်းကိုပြန်ဝင်သွားကြပါပြီဗျ။ ပြည်သူတွေကတော့ အတော်လေးကို ဒုက္ခရောက်နေကြရပါပြီ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မတ် ၂ဝ ရက်နေ့ကလည်း ဘုတလင်မြို့နယ်၊ ဝက်လူးအိုင်ရွာကို အကြောင်းမဲ့ဗုံးကြဲ ပစ်ခတ်လို့ ပြည်သူ ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရခဲ့တယ် လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013