Home
နိုင်ငံတကာ
မော်စကို တိုက်ခိုက်မှု  ယူကရိန်းနှင့် မဆိုင်ဟု သမ္မတ အကြံပေးပြော
DVB
·
March 23, 2024

မော်စကိုမြို့ အနောက်မြောက်ပိုင်းရှိ ခရိုကပ်စ် မြို့တော်ခန်းမမှာ သောကြာနေ့က ဖျော်ဖြေပွဲ ကျင်းပရာမှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက်မှာ လက်ရှိအချိန်ထိ အနည်းဆုံး လူ ၆၀ လောက် သေဆုံးထားပြီး လူပေါင်း ၁၀၀ ကျော် ဒဏ်ရာရခဲ့ကြောင်း ရုရှားဖက်ဒရယ်လုံခြုံရေးအဖွဲ့ရဲ့ ပဏာမ အချက်အလက်တွေအရ သိရပါတယ်။

ဒီတိုက်ခိုက်မှုဟာ ယူကရိန်းနဲ့ လုံးဝ မသက်ဆိုင်ကြောင်း ယူကရိန်းသမ္မတအကြံပေး မီခေးလို ပိုဒိုလ်ယက်ခ်က မတ် ၂၂ ရက်မှာ ပြောကြားလိုက်ပါတယ်။ 

"ရုရှား ပုံမှန်စစ်တပ်နဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့နဲ့ အလုံးစုံ စစ်ဖြစ်ပွားနေတာ ဖြစ်ပြီး အရာအားလုံး ကို စစ်မြေပြင်မှာ ဆုံးဖြတ်သွားမှာပါ”လို့ ပိုဒိုလ်ယက်ခ်က သူ့ရဲ့တယ်လီဂရမ်ကနေ ဗီဒီယို မက်ဆေ့ချ် ပြောသွားတာပါ။ 

အမေရိကန်၊ ဥရောပနဲ့ အာရပ်အင်အားကြီးနိုင်ငံတွေနဲ့ အရင် ဆိုဗီယက်သမ္မတနိုင်ငံစသဖြင့် နိုင်ငံအများအပြားက အဲဒီတိုက်ခိုက်မှုကို ရှုတ်ချပြီး ဝမ်းနည်းကြောင်း ပေးပို့ခဲ့ကြပါတယ်။

မော်စကိုမှာ အပြစ်မဲ့ အရပ်သားတွေ ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်ခံရမှုရဲ့ အကြမ်းဖက် လုပ်ရပ်အတွက် အီတလီအစိုးရက ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း အီတလီ ၀န်ကြီးချုပ် ဂျော်ဂျာ မယ်လနီက မက်ဆေ့ ရေးသားထားပါတယ်။ 

ဒီရက်စက်ယုတ်မာတဲ့ လုပ်ရပ်တွေရဲ့ အကြောင်းရင်းကို အမြန်စုံစမ်းစစ်ဆေးရမှာဖြစ်ပြီး သေဆုံးသူ၊ ထိခိုက်သူတွေရဲ့ မိသားစုတွေနဲ့အတူ ထပ်တူခံစားရပါကြောင်းလည်း ပြင်သစ်၊ ဂျာမန်၊ စပိန်၊ ဆားဘီးယား၊ ဘယ်လာရုစ်စတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန အသီးသီးတို့က ပို့စ်တင် ရေးသား ထားပါတယ်။

ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဇီ နာဗာလ်ညီရဲ့ ဇနီးမုဆိုးမ ယူလီယာ နာဗာလ်နာယာ က X လူမှုမီဒီယာပလက်ဖောင်းမှာ သူ့ရဲ့ ဝမ်းနည်းကြောင်း ဖော်ပြထားပြီး  'ဒီရာဇ၀တ်မှုမှာ ပါဝင် ပတ်သက်သူတွေအနေနဲ့ တာဝန်ခံရလိမ့်မယ်' လို့ တောင်းဆိုခဲ့ပါတယ်။ 

အစ္စလာမ်မစ်နိုင်ငံတော် IS စစ်သွေးကြွအုပ်စုရဲ့ အာမက် အေဂျင်စီက အခုတိုက်ခိုက်မှုဟာ သူတို့ လက်ချက်ဖြစ်ကြောင်း တယ်လီဂရမ်မှာ ပြောကြားထားပါတယ်။ 

Source/Photo - Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013