Home
နိုင်ငံတကာ
အမေရိကန်တင်သည့် ဂါဇာအပစ်ရပ်ရေးဆုံးဖြတ်ချက်ကို ရုရှားနှင့် တရုတ် ဗီတိုဖြင့် ပယ်ချ
DVB
·
March 23, 2024

ဂါဇာကမ်းမြောင်မှာ အပစ်ရပ်ရေးနဲ့ အစ္စရေးဟားမတ်စ် ဓားစားခံလဲလှယ်ရေးတောင်းဆိုတဲ့ ဆုံးဖြတ်ချက်မူကြမ်း တရပ်ကို မတ် ၂၂ ရက်က ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အမေရိကန်က တင်သွင်းခဲ့ရာမှာ တရုတ်နဲ့ ရုရှားက ဗီတိုနဲ့ ပယ်ချခဲ့ပါတယ်။ 

အရင်တုန်းက အပစ်ရပ်ရေး တခြားနိုင်ငံတွေက တင်သွင်းခဲ့တဲ့အဆိုတွေကို အမေရိကန်က ပယ်ချ ခဲ့သလိုမျိုး အခု အမေရိကန်က ပြန်တင်သွင်းတဲ့အခါ တရုတ်နဲ့ ရုရှားက ပယ်ချတာဖြစ်ပြီး လုံခြုံရေးကောင်စီရဲ့ အလုပ်မဖြစ်ပုံ၊ အုပ်စုကွဲပုံကို မြင်သာစေခဲ့ပါတယ်။

ဒီတကြိမ်အမေရိကန်တင်သွင်းတဲ့ အဆိုကို အဖွဲ့ဝင် ၁၅ နိုင်ငံမှာ ၁၁ နိုင်ငံက ထောက်ခံ၊ တရုတ်၊ ရုရှားနဲ့ အယ်လ်ဂျီးရီးယားတို့က ပယ်ချပြီး၊ တောင်အမေရိကတိုက်က ဂိုင်ယာနာနိုင်ငံက မဲမပေးဘဲ ကြားနေခဲ့ပါတယ်။ 

အမေရိကန်က တင်သွင်းတဲ့အဆိုမှာ အရပ်သားတွေကို ကာကွယ်ပေးဖို့နဲ့ လူသားချင်း စာနာမှု အကူအညီတွေ ခွင့်ပြုဖို့ အကြမ်းဖျင်း ခြောက်ပတ်ကြာ အပစ်ရပ်ဖို့ တောင်းဆိုတာဖြစ်ပါတယ်။

မတ် ၂၃ ရက် ဒီကနေ့မှာ လုံခြုံရေးကောင်စီအလှည့်ကျအဖွဲ့ဝင်နိုင်ငံတွေက ရေးဆွဲတဲ့ ဂါဇာ အပစ်ရပ်ရေးတောင်းဆိုတဲ့ ပုံစံမတူတဲ့ မူကြမ်းကို မဲထပ်ခွဲကြဦးမှာဖြစ်ပါတယ်။ 

အခုမူကြမ်းဟာ အပစ်ရပ်ရေးအတွက် ဘာလုပ်ပေးရမယ်ဆိုတဲ့ အကြိုသတ်မှတ်ချက်မျိုးတွေ ပါသလို အစ္စရေးထိုးစစ်ဆင်မှာကို ဆန့်ကျင်ထားတာမျိုး ရှင်းရှင်းလင်းလင်း မဖော်ပြထားလို့ လက်မခံနိုင်တာလို့ တရုတ်ဘက်က ဆိုပါတယ်။

အယ်လ်ဂျီးရီးယားကတော့ အစ္စရေးကိုကျ ဘာမှ အပြစ်မတင်၊ မစွပ်စွဲဘဲ တဖက်သက်ဖြစ်နေလို့ ကန့်ကွက်တာလို့ဆိုပါတယ်။ 

ရုရှားက ကျတော့လည်း အမေရိကန်က ဘယ်လိုပဲ တင်တင် ရုရှားက ဗီတိုသုံးမှာ သိလို့ သူတို့ ကိုယ်တိုင် မထောက်ခံတဲ့ကိစ္စကြီးကို ခပ်တည်တည်နဲ့ အဆိုတင်ပြီး မဲခွဲနေတာ၊ ပြီးမှ ရုရှားနဲ့ တရုတ်က ဗီတိုနဲ့ပယ်လို့ စိတ်ပျက်တယ်လို့ သူတော်ကောင်းယောင် ဆောင်ပြီး လာမပြောနဲ့ လို့ ဝေဖန်ပါတယ်။

Source/Photo - Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013