Home
မြန်မာသတင်း
မြေပုံမြို့နယ်၊ ညောင်ကန်ရွာကို စစ်ကောင်စီဗုံးကြဲ၊ ရွာသားများထိခိုက်သေဆုံး
DVB
·
March 23, 2024
bomb 2332024

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ညောင်ကန်ကျေးရွာကို မတ် ၂၂ ရက် နေ့လယ် ၁ နာရီလောက်မှာ စစ်ကောင်စီရဲ့လေတပ်ကနေ ဂျက်ဖိုက်တာတွေနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်တာကြောင့် အပြစ်မဲ့ အရပ်သားပြည်သူတွေ သေဆုံးထိခိုက်ပြီး နေအိမ်အများအပြားလည်း မီးလောင်ပျက်စီးကုန်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျေးရွာတွင်းမှာရှိတဲ့ ပြည်သူအများစုက ဘေးလွတ်ရာကိုတိမ်းရှောင်နေရတာကြောင့် သေဆုံးသူအရေအတွက်နဲ့ ထိခိုက်ဒဏ်ရာရရှိသူအရေအတွက်ကိုတော့ အတိအကျ အတည်မပြုနိုင်သေးဘူးလို့ ညောင်ကန်ရွာသားတယောက်က ပြောပါတယ်။

“မနက်ပိုင်းလောက်ကနေ လေယာဉ်နဲ့ အနီးအနားရွာတွေကို ဆက်တိုက်ကြဲနေတာ။ ရွာဘက်ကိုတော့ နေ့လယ်လောက်ကမှ စပြီးတော့ ဂျက်ဖိုက်တာနဲ့ ဗုံးလာကြဲတာ။ ဘယ်နှစ်ကြိမ်ပစ်လို့ ဘယ်နှစ်ကြိမ် မီးလောင်မှန်းလဲ မသိတော့ဘူး။ တရွာလုံးတော့ တောထဲတောင်တွေထဲက ဘေးလွတ်ရာတွေကို ရှောင်နေရတယ်။ သေတဲ့သူ၊ ဒဏ်ရာရသူအရေအတွက်အတိကျတော့ မသိရသေးဘူး၊ ၂၀ နီးပါးလောက်တော့ ရှိမယ်လို့တော့ ထင်တယ်” လို့ သူက ပြောပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ညောင်ကန်ကျေးရွာမှာရှိတဲ့ ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းနဲ့ ကျေးရွာထဲမှာရှိတဲ့ နေအိမ်အများစုပါ မီးလောင်ပျက်စီးသွားတယ်လို့ သိရပါတယ်။

ညောင်ကန်ရွာသားတယောက်က “လက်ရှိသိရသလောက် ရွာထဲကဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ ဘုန်းကြီးဝင်းထဲက အဆောင်တွေအများစု မီးလောင်ကုန်ပြီ။ ရွာထဲကိုလည်း ဗုံးကြဲနေတာ ဖြစ်လို့ ဝင်လို့လည်း မရဘူး။  မီးလောင်နေတဲ့ အိမ်တွေတော့အများကြီးပဲ၊ မီးသတ်ဖို့တော့လုပ်နေတယ်။ ရသလောက်တော့ ရွာထဲကနေ ဆွဲပြီး ဘေးလွတ်ရာကို ရှောင်နေကြတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် အမ်းမြို့မှာအခြေစိုက်တဲ့ ခမရ ၃၇၃ အပါအဝင် စစ်ကောင်စီရဲ့ တခြားတပ်ရင်းတွေကနေ အမ်းမြို့နယ်နဲ့ မြေပုံမြို့နယ်ကြားမှာရှိတဲ့ ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတာကြောင့် အနီးအနားကျေးရွာတွေက ပြည်သူတွေပါ ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ရင်းတွေကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်နဲ့ ဗုံးတွေဟာ မြေပုံမြို့နယ်က

ကမ်းထောင့်ကြီး၊ ညောင်ကန်၊ တောင်ပေါက်ကျေးရွာတွေအပြင် အမ်းမြို့နယ်က ကဇုကိုင်း ကျေးရွာအုပ်စုတို့မှာ ကျရောက်ပေါက်ကွဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရက္ခိုင့်တပ်တော်ဆီမှာ စစ်ရေးအရရှုံးနိမ့်နေတဲ့အပြင် အရေးပါတဲ့ တပ်စခန်းတွေ၊ ဗျူဟာကုန်းတွေ၊ မြို့တွေကို လက်လွှတ်ထားရတဲ့ စစ်ကောင်စီဟာ  ရခိုင်ပြည်တပြည်နယ်လုံးကို လက်လွှတ် ဆုံးရှုံးရမဲ့အရေးနဲ့ ကြုံတွေ့နေတာကြောင့် ရခိုင်ပြည်သူတွေအပါအဝင် အရပ်ဖက်ပစ်မှတ်တွေအပေါ်မှာ စစ်ရာဇဝတ်မှုတွေကို ပေါ်ပေါ်ထင်ထင်ကျူးလွန်လာကြတယ်။

မတ် ၂၀ ရက်နေ့မှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မင်းပြားမြို့နယ်က သာဒါကျေးရွာမှာ မွတ်ဆလင် ၂၂ ယောက် အစုလိုက် အပြုံလိုက် သေဆုံး၊ ၂၉ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

မတ် ၂၁ ရက်နေ့မှာလည်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် မြောက်ဦးမြို့နယ်က အထက်လေညှင်းတောင်ကျေးရွာမှာ ကလေးသူငယ်တွေအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူ ၉ ယောက်လောက် သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

ပုံ -  စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော ညောင်ကန်ကျေးရွာ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013