Home
မြန်မာသတင်း
ရခိုင်က မွတ်ဆလင်များကို စစ်တပ်က ဖိအားပေးပြီး အေအေကို ဆက်တိုက် ဆန္ဒပြခိုင်းနေ
DVB
·
March 23, 2024
bingali 2332024

ရခိုင်ပြည်နယ်က စစ်ကောင်စီထိန်းချုပ်ထားဆဲဖြစ်တဲ့ မြို့တော်စစ်တွေနဲ့ ဘူးသီးတောင်မြို့နယ်တို့မှာ စစ်ကောင်စီက ဖိအားပေးစေခိုင်းလို့ ဒေသခံမွတ်ဆလင်တွေဟာ ရက္ခိုင့်တပ်တော်(အေအေ)ကို ဆန့်ကျင်ဆန္ဒပြတာတွေ ဆက်တိုက်ဆိုသလို ရှိလာနေပါတယ်။

မတ် ၂၀ ရက်နေ့က ဘူးသီးတောင်မြို့ပေါ်မှာ ရာနဲ့ချီတဲ့ မွတ်ဆလင် လူငယ်တွေဟာ AA အလိုမရှိ၊ တိုက်ပွဲအလိုမရှိ၊ ဘူးသီးတောင်မြို့ကို ကာကွယ်ကြ ဆိုတဲ့ စာတန်းတွေ ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြသလို မတ် ၂၁ ရက်နေ့ကလည်း စစ်တွေမြို့က မွတ်ဆလင်တွေ နေထိုင်တဲ့ ရပ်ကွက် ၄ ခုမှာ AA အလိုမရှိ၊ တိုက်ပွဲအလိုမရှိ၊ စစ်တွေမြို့ကို ကာကွယ်ကြ ဆိုတဲ့ စာတန်းတွေ ကိုင်ဆောင် ဆန္ဒပြခဲ့ကြပါတယ်။

အခုလို ဆန္ဒပြမှုတွေဟာ မွတ်ဆလင်တွေရဲ့ ဆန္ဒအတိုင်း ထုတ်ဖော်ပြသကြတာမဟုတ်ဘဲ စစ်ကောင်စီဘက်က အတင်းအကျပ်စေခိုင်းတာကြောင်းဖြစ်တယ်လို့ စစ်တွေမြို့က တက်ကြွမွတ်ဆလင် လူငယ်တယောက်က ပြောပါတယ်။

“စစ်ကောင်စီထိန်းချုပ်ထားဆဲမြို့နယ်တွေမှာရှိတဲ့ ရိုဟင်ဂျာ(မွတ်ဆလင်)တွေဟာ သိပ်ကိုအနေအထိုင် ကျပ်တည်းတဲ့ သဘောမှာရှိတယ်။ စစ်တပ်ကခိုင်းတာကို မလုပ်ရင်လည်း ရိုဟင်ဂျာ(မွတ်ဆလင်)တွေ အတွက် တော်တော်လေးကို ဖိနှိပ်ခံရနိုင်သလို သူတို့ခိုင်းသလို လိုက်လုပ်ရင်လည်း လက်ရှိတည်ဆောက်ထားတဲ့ ရခိုင်လူမျိုးတွေနဲ့ သဟဇာတဖြစ်တည်မှုကို ပျက်စီသွားနိုင်တယ်။ ဆိုတော့ ဒီဆန္ဒပြမှုတွေဟာ ရိုဟင်ဂျာ(မွတ်ဆလင်)တွေရဲ့ ဆန္ဒလုံးဝမဟုတ်ဘူးဆိုတာတော့ ပြောလို့ရတယ်” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီဟာ တပ်မ၊ တပ်ရင်းတွေနဲ့ မြို့တွေကို လက်လွတ်ဆုံးရှုံးလာရတာကြောင့် လူ့အသိုင်းအဝန်း ၂ ခုကြားမှာ ရန်တိုက်ဖို့အတွက် လုပ်ဆောင်လာတာဖြစ်လို့ ဒေသခံတွေအကြား သုံးသပ်ပြောဆိုကြပါတယ်။

မွတ်ဆလင်တွေကို စစ်ကောင်စီဘက်က ဆန္ဒပြခိုင်းနေတာဟာ လူမျိုး ၂ ခုကြားမှာ ရန်တိုက်ပေးနေတာဖြစ်ပြီး အထူး သတိထားရမယ့် ကိစ္စတခုဖြစ်တယ်လို့ ဘူးသီးတောင်မြို့နယ်က အမည်မဖော်လိုတဲ့ မွတ်ဆလင် ဘာသာရေးဆရာတယောက်က ပြောပါတယ်။

“ဒီဆန္ဒပြမှုတွေက အထူးသတိထားရမယ့် ကိစ္စတွေဖြစ်တယ်။ သာမန်ပြည်သူတွေအနေနဲ့ ဘာအကြောင်းနဲ့မှ ဒီလိုလုပ်စရာမရှိဘူး။ ဒါက နိုင်ငံရေး ပယောဂတွေပါတာကြောင့် နှစ်ဖက် လူ့အဖွဲ့အစည်းတွေအနေဖြင့် ထိန်းထိန်းသိမ်းသိမ်းနဲ့သတိတရားဖြင့် ဆင်ခြင်ကြဖို့ ပြောချင်တယ်” လို့ ပြောပါတယ်။

ဘူးသီးတောင်မြို့က မွတ်ဆလင်တွေကို ဆန္ဒပြဖို့ ဖိအားပေး စေခိုင်နေသူတွေထဲမှာ စစ်တပ်အရာရှိတွေ အပါအဝင် စစ်တပ်ကျောထောက်နောက်ခံပြုထားတဲ့ ကြံ့ခိုင်ရေး ပါတီဝင်တချို့လည်း ပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အေအေ ရဲ့ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ရက္ခိုင့်တပ်တော်(အေအေ)ကို မွတ်ဆလင်တွေ ဆန္ဒဖော်ထုတ်နေတာဟာ အထူးသတိထားရမယ့်ကိစ္စဖြစ်ပြီး စစ်ကောင်နဲ့ ခရိုနီမွတ်ဆလင်တချို့က လူမျိုးရေး အဓိကရုန်းတွေဖြစ်အောင် ဖန်တီးနေကြတာဖြစ်တယ်လို့  သတင်းမီဒီယာတွေကို ဖြေကြားပါတယ်။

စစ်ကောင်စီက စစ်မှုထမ်းဥပဒေကိုအသက်ဝင်စေပြီးနောက် ရခိုင်ပြည်နယ်က စစ်ကောင်စီထိန်းချုပ်ထားဆဲ့ဖြစ်တဲ့ စစ်တွေ၊ ဘူးသီးတောင်၊ မောင်တောနဲ့ ကျောက်ဖြူမြို့နယ်တို့က မွတ်ဆလင်လူငယ်ကို ဖိအားပေးပြီး စစ်မှုထမ်းစေဖို့ သင်တန်းပေးနေတယ်လို့လည်း သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013