ကိတ်လို့ အများသိကြတဲ့ ဝေလမင်းသမီး ကက်သရင်းဟာ ကင်ဆာရောဂါဖြစ်ပွားနေတဲ့အတွက် ကြိုတင်ကာကွယ်တဲ့ ဓာတ်ကင်ကုထုံး (chemotherapy) တွေနဲ့ ကုသမှုခံယူနေရတယ်လို့ မတ် ၂၂ ရက်မှာ ထုတ်ပြန်ပါတယ်။
အိမ်ရှေ့မင်းသား ဝီလျံရဲ့ ကြင်ယာတော် ကိတ်ဟာ အသက် ၄၂ နှစ်သာရှိပါသေးတယ်။ သက်တော် ၇၅ နှစ်ရှိပြီဖြစ်တဲ့ ချားစ်ဘုရင်လည်း ကင်ဆာဖြစ်နေတဲ့အတွက် ကုသမှုခံယူနေရတာဖြစ်ပါတယ်။
ကိတ်ဟာ ဇန်နဝါရီလတုန်းက ဆေးရုံ ၂ လတက်ခဲ့ရပြီး ဝမ်းဗိုက်ပိုင်းအကြီးစား ခွဲစိတ်မှု ပြုလုပ်ခဲ့ရပေမဲ့ ခွဲစိတ်မှု အောင်မြင်သလို ကင်ဆာရောဂါဖြစ်တဲ့ အခြေအနေမဟုတ်ဘူးလို့ အဲဒီတုန်းက ထုတ်ပြန်ခဲ့ပါတယ်။
ဒါပေမဲ့ နောက်ဆက်တွဲ စစ်ဆေးမှုတွေမှာတော့ ကင်ဆာဖြစ်နေကြောင်းတွေ့ရှိတဲ့အတွက် ကြိုတင် ကာကွယ်တဲ့ ကုသမှုတွေ ခံယူနေရတာဖြစ်တယ်လို့ ဆိုပါတယ်။
မတ် ၂၀ ရက်က ရိုက်ကူးထားတဲ့ ဗီဒီယိုကို ထုတ်ပြန်ပေးခဲ့ရာမှာ ဂျင်းဘောင်းဘီနဲ့ ဆွယ်တာ ဝတ်ထားတဲ့ မင်းသမီးကိတ်ဟာ အနည်းငယ်ဖြူဖတ်ဖြူလျော်ဖြစ်နေပြီး မောပန်းနေတဲ့ ပုံစံမျိုး တွေ့ရပါတယ်။
အသက် ၁၀ နှစ်၊ ၈ နှစ်နဲ့ ၅ နှစ် စီပဲရှိကြသေးတဲ့ သားတော် သမီးတော်တွေ မိခင်အကြောင်း သတင်းတွေရဲ့ ရိုက်ခတ်မှုဒဏ် မခံရအောင် ကလေးတွေ သောကြာနေ့ ကျောင်းစပိတ်တဲ့အချိန်မှာမှ ဒီသတင်းကို ထုတ်ပြန်ပေးခဲ့တာဖြစ်ပါတယ်။
Source/Photo - Reuters