Home
နိုင်ငံတကာ
ရာဖှာမြို့ကို မြေပြင်ထိုးစစ် ဆင်နွှဲမည်ဟု အစ္စရေးဝန်ကြီးချုပ် ပြော
DVB
·
March 23, 2024

အစ္စရေး၀န်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုဟာ မတ် ၂၂ ရက်က တဲလ်အဗစ်မြို့မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်နဲ့ တွေ့ဆုံပြီးနောက်မှာ အစ္စရေးဟာ ဟားမတ်စ်ကို ချေမှုန်းဖို့ အမေရိကန်ရဲ့ပံ့ပိုးကူညီမှု ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ဂါဇာကမ်းမြောင်ဒေသရဲ့ ရာဖှာမြို့ကို မြေပြင်ထိုးစစ်ကို ဆင်နွှဲသွားမှာဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။

အစိုးရသတင်းရုံးက ထုတ်ပြန်တဲ့ ဗီဒီယိုထဲမှာ ဟားမတ်စ်ကို ပြန်တိုက်ခိုက်တဲ့စစ်ပွဲမှာ အစ္စရေးနဲ့ အတူ ရပ်တည်ပေးတဲ့ အမေရိကန်ပြည်ထောင်စုကို ကျေးဇူးတင်ရှိကြောင်း နေတန်ယာဟုက ဘလင့်ကန်ကို ပြောဆိုခဲ့ပါတယ်။ 

ဂါဇာကမ်းမြောင်ဒေသရဲ့ တောင်ဘက်အစွန်းရှိ ရာဖှာမြို့ကို မြေပြင်ထိုးစစ်ဆင်မယ့် နေတန်ယာဟု ရဲ့ အစီအစဉ်ကို ဝါရှင်တန်က အကြိမ်ကြိမ် ကန့်ကွက်ထားတာပါ။ 

စစ်ပွဲဇုန်တွေနဲ့ လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ တွေလည်း လုပ်ဆောင်နေကြောင်းနဲ့ ဒါပေမယ့် ရာဖာမြို့ထဲကို မဝင်ဘဲနဲ့ ဟားမတ်စ်တွေကို ချေမှုန်းဖို့ တခြားနည်းလမ်း မရှိဘူးလို့လည်း နေတန်ယာဟုက ပြောပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်ရဲ့ အစ္စရေးနိုင်ငံ အစည်းအဝေးတွေဟာ ၆ လကြာ စစ်ပွဲအတွင်း မဟာမိတ် နှစ်နိုင်ငံအကြားက ဆက်ဆံရေးတွေ တင်းမာနေတဲ့ကြားမှာ ဂါဇာကို အကူအညီတွေ ပိုမိုစီးဝင် ရရှိလာစေဖို့ ရည်ရွယ်ထားတာပါ။ 

ဂါဇာတောင်ပိုင်းရှိ ရာဖှာမြို့ကို ထိုးစစ်ဆင်မယ်ဆိုရင် အစ္စရေးကို ပိုမိုအထီးကျန်ဖြစ်စေပြီး သူ့ရဲ့ရေရှည်လုံခြုံရေးကို ပျက်စီးသွားလိမ့်မှာဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်ထနီ ဘလင်ကန်က မတ် ၂၂ ရက်မှာ ပြောကြားခဲ့ပါတယ်။ 

ရာဖှာ မြေပြင်စစ်ဆင်ရေးဟာ အရပ်သားတွေကို ပိုမိုသေဆုံးနိုင်စေတဲ့ အန္တရာယ်နဲ့ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေလည်း ပိုမိုပျက်စီးစေမယ့် အန္တရာယ်ရှိနေကြောင်းလည်း သူက ဆိုပါတယ်။ 

သူဟာ ဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟု အပါအဝင် တာဝန်ရှိသူတွေနဲ့ အစည်းအဝေးတွေကို ရည်ညွှန်းပြီး ပွင့်ပွင့်လင်းလင်း ပြောဆိုဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့ကြောင်း ဘလင်ကန်က အစ္စရေးနိုင်ငံမှ ထွက်ခွာချိန်မှာ သတင်းထောက်တွေကို ပြောပါတယ်။ 

အောက်တိုဘာ ၇ ရက်က စစ်ဖြစ်ပြီးနောက်မှာ သူ့ရဲ့ ၆ ကြိမ်မြောက် အရှေ့အလယ်ပိုင်း ခရီးစဉ်အဖြစ် ဘလင်ကန်ဟာ ဒေသတွင်းကို မတ် ၂၀ ရက်က ရောက်ရှိလာပြီး ဆော်ဒီအာရေဗျမှာ အိမ်ရှေ့မင်းသား မိုဟာမဒ်  ဘင်ဆလ်န်၊ မတ် ၂၁ ရက်က ကိုင်ရိုမှာ အာရပ်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တာဝန်ရှိသူတွေကို တွေ့ဆုံခဲ့ပြီး သံခင်းတမန်ခင်း အစည်းအဝေးတွေ အကြိတ်အနယ် ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ 

Source/Photo - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024