Home
မြန်မာသတင်း
ပင်လောင်းမြို့နယ်၊ နန်းတုတ်ရွာကို လေယာဉ်ဖြင့်ဗုံးကြဲသဖြင့် ဆေးရုံနှင့် အိမ်များ ပျက်စီး
DVB
·
March 23, 2024
nan 2332024

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နန်းတုတ်ကျေးရွာကို  စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးလာကြဲလို့ကျေးရွာထဲက ဆေးရုံနဲ့  လူနေအိမ် ၅ လုံး ပျက်စီးခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မတ် ၂၂ ရက် ညသန်းခေါင်အချိန်မှာ တိုက်ပွဲဖြစ်တာလည်းမရှိ၊ တော်လှန်ရေးအဖွဲ့တွေ တပ်စွဲ ထားတာလည်းမရှိဘဲ စစ်ကောင်စီက အကြောင်မဲ့သက်သက် ရည်ရွယ်ချက်ရှိရှိ လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံး ၂ ကြိမ်လာချတာလို့ ပြောပါတယ်။

နန်းတုတ်ရွာခံတယောက်က “လူထိခိုက်မှုတော့မရှိဘူး။ ရွာသားတချို့က ပြီးခဲ့တဲ့အပတ်ကပဲ စစ်တပ်က ရွာထဲလက်နက်ကြီးပစ်ခတ်လို့ ကြိုရှောင်နေကြပြီ။ အဲဒါကြောင့် လူထိခိုက်မှုမရှိဘူး။ ရွာထဲ ကျန်တဲ့ ဒေသခံတချို့လည်း ချက်ချင်းပဲ ညတွင်းချင်း ထွက်ပြေးရတယ်။ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လာတိုက်ခိုက်တာ အရမ်းယုတ်မာတာပဲ” လို့ ပြောပါတယ်။

နန်းတုတ်ကျေးရွာကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာ မကြာခဏရှိပေမယ့် လေယာဉ်နဲ့ ဗုံးလာကြဲတာကတော့ ဒါဟာ ပထမအကြိမ်လို့ ပြောပါတယ်။

နန်းတုတ်ရွာမှာ အင်းနဲ့ ပအိုဝ်းလူမျိုးတွေ အများဆုံးနေထိုင်ကြပြီး ကရင်နီစစ်ရှောင် ၃၀၀ ကျော်လည်း လာရောက်မှီခိုရာ ရွာဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာလည်း  နန်းတုတ်ရွာထဲကို စစ်တပ်က ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးပစ်ခတ်လို့ အသက် ၆၃ နှစ်အရွယ် အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာရရှိတဲ့အပြင် နေအိမ် ၃ လုံးလည်း ထိခိုက်ပျက်စီးခဲ့ပါသေးတယ်။

မတ် ၂၂ ရက် မနက်ပိုင်းကလည်း ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ လအိကျေးရွာက ဆေးရုံကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ဆေးရုံပျက်စီးပြီး အရပ်သား ၂ ယောက် သေဆုံးခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024