Home
မြန်မာသတင်း
ကျိုက်ထိုတွင် ထောက်လှမ်းရေး ၁ ဦး ပစ်သတ်ခံရ
DVB
·
March 22, 2024
KyaikHto_22032024

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ တောင်သူစုရပ်ကွက်မှာ ခရိုင်ထောက်လှမ်းရေးအဖွဲ့ဝင်တဦး မတ် ၂၂ ရက် မနက် ၁၀ နာရီ‌ကျော်က ပစ်ခတ်ခံရပြီး သေဆုံးခဲ့သလို အမျိုးသမီးတဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျိုက်ထိုမြို့နယ်၊ တောင်သူစုရပ်ကွက်၊ ဘူတာလမ်းမှာ ခရိုင်ထောက်လှမ်းရေးအဖွဲ့ဝင်တဦး ဖြစ်တဲ့ အသက် ၅၀ ကျော်အရွယ် ဦးနေမင်းကြည်ကို တော်လှန်ရေးတပ်ဖွဲ့တွေက သူပိုင်တဲ့ ကောင်းကွတ်တီယိုဆိုင်မှာ သေနတ်နဲ့ သုံးချက် ပစ်ခတ်ခဲ့ပါတယ်။

သေနတ်နဲ့ ပစ်ခတ်ခံရမှုကြောင့် ‌ဦးနေမင်းကြည် နေရာမှာပဲ သေဆုံးခဲ့ပြီး သူ့မိန်းမရဲ့ ညီမဖြစ်သူကတော့ လက်မောင်းထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ကျိုက်ထိုမြို့ခံတဦးက “သူပိုင်တဲ့ ကောင်းကွတ်တီယိုဆိုင်ထဲမှာ ရပ်နေတုန်း သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတာ။ သူက မွန်အဖွဲ့တခုကပဲ၊ အရင်တည်းက စစ်တပ်နဲ့ပေါင်းနေတာ။ သပိတ်တွေ ဖြိုခွင်းခံရတဲ့ အချိန်တုန်းကလည်း ကလေးတွေကို ပေးမဝင်တဲ့အပြင် သူ့ဆိုင်ရှေ့မှာကျသွားတဲ့ ကလေးအတွက် လုပ်ထားတဲ့ အမှတ်အသားနဲ့ ပန်းစည်းတွေကိုလည်း သူဖယ်လိုက်တယ်။ သူ့ခယ်မ ဒဏ်ရာကလည်း မစိုးရိမ်ရပါဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီထောက်လှမ်းရေးအဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးနေမင်းကြည်ဟာ တော်လှန်ရေးအဖွဲ့တွေကို အသွင်ယူ ထောက်လှမ်းနေတဲ့အတွက် ပစ်ခတ်ရှင်းလင်းခဲ့လို့ NUG လက်အောက်ခံ PDF တပ်ရင်း-၇၈၀၅ တပ်ခွဲ-၄၊ UG ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“သူ့ကို တော်လှန်ရေးအစတည်းက ကျနော်တို့ စောင့်ကြည့်နေတာ။ သူက‌ အဲဒီထဲက ဆန္ဒပြတဲ့အသွင်မျိုး လုပ်ဆောင်ခဲ့ပြီး ဆန္ဒပြသပိတ်ခေါင်းဆောင်တွေကို သတင်းပေးတာတွေ လုပ်တယ်။ ညမထွက်ရအမိန့် ထုတ်ထားတဲ့အချိန်မှာ ရဲတွေနဲ့ပေါင်းပြီး သတင်းပေးလုပ်သလို ရဲစခန်းကိုလည်း အဝင်အထွက်ရှိတယ်။ သူ့မိန်းမညီမ ထိသွားတယ် ဆိုတာကတော့ အတည်ပြုလို့မရဘူး။ တခုခုသိရရင်တော့ ပြန်ပြောပေးပါမယ်။”

သေဆုံးသွားတဲ့ ဦးနေမင်းကြည်နဲ့ ဒဏ်ရာရရှိခဲ့တဲ့ အမျိုးသမီးတို့ကို ဒေသခံ လူမှုကယ်ဆယ်ရေးအသင်းတခုက ကျိုက်ထိုပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ မတ် ၂ ရက်ကလည်း မုက္ခမူကျေးရွာမှာ လောင်းကစားဝိုင်းတွေ ဦးဆောင်ဖွင့်လှစ်နေတဲ့ ပျူစောထီးခေါင်းဆောင် ဦးကျော်ဝင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပစ်သတ်ခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013