မြန်မာနိုင်ငံတွင်းက အခြေအနေတွေဟာ ခန့်မှန်းလို့မရနိုင်အောင် လျင်မြန်စွာ ပြောင်းလဲနေတာကြောင့် ဝန်ကြီးချုပ် ဆေထာရဲ့ အစိုးရအနေနဲ့ ပဋိပက္ခတွေ ပြည့်နှက်နေတဲ့ အိမ်နီးချင်းနိုင်ငံနဲ့ ပတ်သက်ပြီး ဆက်ဆံရေးမူဝါဒသစ် ချမှတ်နိုင်ရေး ပြန်လည်သုံးသပ် တွက်ချက်နေရပါတယ်။
ကာလရှည်ကြာ ပူးပေါင်းဆက်ဆံမှုတွေ ရှိခဲ့ပေမဲ့ နှစ်နိုင်ငံလုံးရဲ့ ဆိုင်ရာ ဦးစားပေးကဏ္ဍတွေဟာ တခါတရံမှာ တဖက်နိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒတွေနဲ့ လိုက်လျောညီထွေ မဖြစ်တာတွေ ရှိခဲ့ကြပါတယ်။ သို့သော်လည်း နှစ်နိုင်ငံလုံးကတော့ ဆက်လက်ရပ်တည်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်နေဆဲ ဖြစ်ပါတယ်။
ဒီလိုအချက်တွေကြောင့် နှစ်နိုင်ငံလုံးအတွက် အဆင်ပြေစေမယ့် အဖြေတခုရှာဖို့ လိုနေပါတယ်။ အဓိကအားဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ နိုင်ငံရေးခိုလှုံခွင့် တောင်းခံသူတွေ၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့မှုတွေ၊ လက်နက်မှောင်ခိုမှုတွေ၊ အွန်လိုင်းရာဇဝတ်မှုတွေနဲ့ မူးယစ်ဆေးပြဿနာတွေ အပါအဝင် နယ်စပ်ရေးရာ ပြဿနာတွေကို ဖြေရှင်းဖို့အတွက် ပူးပေါင်းဆောင်ရွက်ကြဖို့ လိုပါတယ်။
အခုချိန်မှာ စစ်ကောင်စီက မဖြစ်မနေ စစ်မှုထမ်းဖို့ ထုတ်ပြန်လိုက်တာကြောင့် မြန်မာနိုင်ငံကနေ နိုင်ငံရေးခိုလှုံခွင့်အတွက် အမြောက်အမြား ဝင်ရောက်လာနိုင်တဲ့အပေါ် ထိုင်းကလည်း ကြိုတင်ပြင်ဆင်နေပါတယ်။
ပြီးခဲ့တဲ့လက စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေ အာဏာတည်တဲ့အမိန့် ထွက်ပေါ်လာပြီးတဲ့နောက် ထိုင်းသံရုံးရှေ့မှာ ဗီဇာလာရောက်လျှောက်ထားတဲ့ လူတန်းကြီး ဖြစ်ပေါ်လာခဲ့ပါတယ်။
ဒေသတွင်းက တခြားနိုင်ငံတွေဖြစ်တဲ့ မလေးရှား၊ စင်ကာပူနဲ့ အင်ဒိုနီးရှားနိုင်ငံတွေကို ဝင်ရောက်ဖို့ ဗီဇာလာရောက်လျှောက်ထားတဲ့ မြန်မာနိုင်ငံသား အရေအတွက်ဟာလည်း အလွန်တိုးတက် များပြားလာခဲ့ပါတယ်။
မြန်မာနိုင်ငံနဲ့ ရှည်လျားတဲ့ နယ်စပ်မျဉ်းကို မျှဝေပိုင်ဆိုင်ထားတဲ့ ထိုင်းနိုင်ငံအတွင်းမှာ ပဋိပက္ခတွေကြောင့်သော်လည်းကောင်း တခြားအကြောင်းအမျိုးမျိုးကြောင့်သော်လည်းကောင်း လုံခြုံရေးအတွက် မြန်မာနိုင်ငံသားတွေ လာရောက်ခိုလှုံနေကြတာဟာ ဆယ်စုနှစ်တွေနဲ့ချီပြီး ကြာခဲ့ပြီ ဖြစ်ပါတယ်။
၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းပါ လူဦးရေစာရင်းအရ စစ်ကောင်စီက ထုတ်ပြန်လိုက်တဲ့ စစ်မှုထမ်းဥပေဒဟာ မြန်မာနိုင်ငံသား ၅၂ သန်းမှာ လူငယ် ၁၄ သန်းပေါ်ကို သက်ရောက်မှုရှိစေမှာ ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ စစ်မှုထမ်းဥပဒေမှာ ၂ နှစ်ကြာ စစ်မှုထမ်းဆောင်ဖို့ ဖော်ပြထားတဲ့ အသက် ၁၈ နှစ်နဲ့ ၃၀ အတွင်းရှိ အမျိုးသား ၆ ဒသမ ၃ သန်းရှိနေပြီး အသက် ၁၈ ကနေ ၂၇ အတွင်းရှိ အမျိုးသမီး ၇ ဒသမ ၇ သန်း ရှိနေပါတယ်။ အကယ်၍ စစ်မှုထမ်းဖို့ ငြင်းဆန်ပါကလည်း ထောင်ဒဏ် ၅ နှစ် ကျခံကြရမှာ ဖြစ်ပါတယ်။
ဧပြီလကနေစပြီး တလကို စစ်မှုထမ်းဖို့ လူငယ် ၅,၀၀၀ ခန့် လျာထားသွားမှာဖြစ်တယ်လို့ စစ်အာဏာရှင် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောခဲ့ပါတယ်။
မြန်မာ့မျိုးဆက်သစ်လူငယ်တွေ မြန်မာစစ်တပ်နဲ့ ပူးပေါင်းလိုစိတ် မရှိတာဟာ မပြောသော်လည်း လူတိုင်းသိထားပြီးသား ကိစ္စတခုဖြစ်သလို မြန်မာလူငယ်တွေ စစ်တပ်ထဲဝင်လိုစိတ်ရှိဖို့ ဆိုတာဟာလည်း မဖြစ်နိုင်တဲ့ ကိစ္စတခုသာ ဖြစ်ပါတယ်။ သူတို့အတွက် တခုတည်းသော ထွက်ပေါက်ကတော့ ဖြစ်နိုင်တဲ့နည်းနဲ့ မြန်မာနိုင်ငံအတွင်းက ထွက်ခွာကြဖို့ပဲ ဖြစ်ပါတယ်။
တချိန်တည်းမှာ မြန်မာနိုင်ငံနဲ့ ဆက်စပ်နေတဲ့ နယ်စပ်တလျှောက်က ထိုင်းပြည်နယ် အာဏာပိုင်တွေကို နိုးနိုးကြားကြား ရှိနေကြဖို့ ထိုင်းအစိုးရက တိုက်တွန်းထားပါတယ်။ ၂.၄၀၁ ကီလိုမီတာ အရှည်ရှိတဲ့ ထိုင်း-မြန်မာ နယ်စပ်တလျှောက်မှာ ၅၃ ကီလိုမီတာ အရှည်ရှိတဲ့ အစိတ်အပိုင်းကလွဲရင် ကျန်တဲ့ နယ်စပ်မျဉ်းတလျှောက် ဘယ်တုန်းကမှ တိကျသေချာစွာ ပိုင်းခြားကာရံထားခြင်း မရှိခဲ့ပါဘူး။
ရှည်လျားလှတဲ့ နယ်စပ်မျဉ်းတလျှောက် နယ်စပ်ဖြတ်ကျော်ဂိတ် ၆ ခုသာရှိပြီး သဘာဝအတိုင်း ဖြတ်ကူးသွားလို့ရတဲ့ လမ်းကြောင်းအများအပြားလည်း ရှိနေပါတယ်။ ဝင်ရောက်မှုအများဆုံး နေရာတွေကတော့ တာ့ခ်ခရိုင်၊ ဖို့ဖရာ့မြို့နယ်၊ မဲ့ဟောင်ဆောင်ခရိုင်ထဲက မဲ့စရီးယန်းဒေသတွေ ဖြစ်ကြပါတယ်။
ထိုင်းအစိုးရအနေနဲ့ အသစ်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံက ထွက်ခွာလာသူတွေအပေါ် နိုင်ငံတကာဥပဒေတွေ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မူဝါဒတွေအတိုင်း လိုက်နာဆက်ဆံဖို့ လိုပါတယ်။
ထိုင်းနိုင်ငံဟာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ ၂၀၂၅-၂၇ ကာလအတွက် ထိုင်ခုံနေရာရရှိရေး ယှဉ်ပြိုင်နေရတာဖြစ်ပြီး အဲဒီအတွက် အဆုံးအဖြတ်ကို လာမယ့် အောက်တိုဘာလမှာ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ သိရှိရမှာ ဖြစ်ပါတယ်။
အခုနှစ်အတွင်း မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို ဝင်ရောက်လာနိုင်သူ အရေအတွက်ဟာ အဆိုးဆုံးအခြေအနေမှာ ၆၀,၀၀၀ ကနေ ၈၀,၀၀၀ အထိ ရှိနိုင်တယ်လို့ ထိုင်းလုံခြုံရေးဆိုင်ရာ အေဂျင်စီတွေက ခန့်မှန်းကြပါတယ်။
မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပိုမိုဆိုးရွားလာနေတဲ့ စီးပွားရေးနဲ့ လူမှုဘဝ အခြေအနေတွေကြောင့် လတ်တလော မြန်မာနိုင်ငံကနေ ဝင်ရောက်လာနေသူတွေရဲ့ အရေအတွက်ကိုကြည့်ရင် ခန့်မှန်းထားတဲ့ အရေအတွက်ထက်ကို ပိုပြီးများနိုင်ပါတယ်။
နောက်ဆုံးရရှိထားတဲ့ အချက်အလက်တွေအရ ထိုင်းအစိုးရဟာ လူဦးရေ ၈၀,၀၀၀ အတွက် ယာယီစခန်း ၁၂၃ ခုကို နယ်စပ်တလျှောက်မှာ ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။
ထို့အတူ ထိုင်း-မြန်မာ နှစ်နိုင်ငံ သဘောတူညီချက်အရ မြန်မာနိုင်ငံအတွင်းက ထွက်ပြေးတိမ်းရှောင်လာတဲ့ ရွာသူရွာသား ၂၀,၀၀၀ ကို မဲဆောက်-မြဝတီ ဆက်သွယ်ထားတဲ့ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား ၂ မှာ ကြက်ခြေနီအဖွဲ့ကနေတဆင့် လူမှုကယ်ဆယ်ရေး ထောက်ပံ့ကူညီမှုတွေပေးမယ့် အစီအစဉ်ကို မတ်လ ၂၅ ရက်နေ့မှာ စတင်သွားမယ်လို့ သိရပါတယ်။
အဲဒီ လူမှုကယ်ဆယ်ရေး အကူအညီတွေ မျှဝေပေးမယ့် အစီအစဉ်မှာ မှန်ကန်မှုရှိရေး၊ ပွင့်လင်းမြင်သာမှုရှိရေးနဲ့ ဘေးအန္တရာယ်သက်ရောက်မှုရှိတဲ့ ရွာသူရွာသားတွေ အားလုံးဆီကို အညီအမျှ ရောက်ရှိရေးတို့အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ညှိနှိုင်းဆောင်ရွက်ရေးစင်တာ (AHA Center) ရဲ့ ကိုယ်စားလှယ်တွေက စောင့်ကြည့်သွားကြမှာ ဖြစ်ပါတယ်။
လူမှုကယ်ဆယ်ရေး အထောက်အပံ့ပစ္စည်းတွေ လွှဲပြောင်းပေးအပ်တဲ့ အခမ်းအနားကိုလည်း ဘန်ကောက်အခြေစိုက် အရှေ့တောင်အာရှက နိုင်ငံရေးသမားတွေနဲ့အတူ အာဆီယံဥက္ကဋ္ဌ လာအိုရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် အာလွန်ကဲအို ကစ်တီကွန်တို့က သက်သေအဖြစ် လာရောက်ကြည့်ရှုကြမှာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံရဲ့ အနောက်ပိုင်းခရိုင်တွေဖြစ်တဲ့ တာ့ခ်၊ ကန်ကျနဘူရီ၊ လတ်ချ်ဘူရီနဲ့ မဲ့ဟောင်ဆောင် တို့က ဒုက္ခသည်စခန်း ၉ ခုမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ အတွင်း နေထိုင်လာခဲ့ကြတဲ့ မြန်မာနိုင်ငံက အိုးအိမ်စွန့်ခွာ ထွက်ပြေးလာခဲ့သူ ၈၀,၀၀၀ ရှိနေတာကိုလည်း မေ့ထားလို့မရပါဘူး။
ပြီးခဲ့တဲ့ နှစ်ပေါင်း ၄၀ အတွင်း ထိုင်းအစိုးရနဲ့ နိုင်ငံတကာက ရန်ပုံငွေထောက်ပံ့ရေး အဖွဲ့တွေဟာ အဲဒီ ဒုက္ခသည်စခန်းတွေက လူတွေကို တတိယနိုင်ငံတွေမှာ အခြေချ နေထိုင်နိုင်ရေး အပါအဝင် ကုလသမဂ္ဂက ထောက်ပံ့ပေးတဲ့ အစီအစဥ်တွေကနေတဆင့် ထောက်ပံ့ကူညီပေးခဲ့ကြပါတယ်။ အခုချိန်မှာတော့ အဲဒီအစီအစဉ်တွေလည်း ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။
အခုအချိန်ဟာ အစိုးရရဲ့ ဝန်ထုပ်ဝန်ပိုးကို လျှော့ချဖို့အတွက် ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြသူတွေကို နိုင်ငံသားအဖြစ် အသိအမှတ် မပြုရင်တောင် ရာသက်ပန် နေထိုင်ခွင့် ပုံစံတမျိုးမျိုး စီစဉ်ပေးရမယ့်အချိန် ဖြစ်ပါတယ်။ ဒါမှသာ သူတို့လည်း လွတ်လွတ်လပ်လပ် အလုပ်လုပ်နိုင်ပြီး တခြားသူတွေလို သာမန်ဘဝမှာ နေထိုင်နိုင်ကြမှာ ဖြစ်ပါတယ်။ ဒါမှသာလည်း သူတို့ဟာ ထိုင်းနိုင်ငံရဲ့ စီးပွားရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးမှာ ပါဝင်ကူညီနိုင်ကြမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် နှောင်းပိုင်းမှာ မြောက်ပိုင်းညီနောင်သုံးဖော် မဟာမိတ်အဖွဲ့က ၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့တဲ့ အချိန်ကစပြီး ထိုင်းနိုင်ငံရဲ့ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး အဖွဲ့တွေဟာ မြန်မာနိုင်ငံအတွင်းက ပြိုလဲပျက်စီးနေတဲ့ လုံခြုံရေးအခြေအနေတွေအပေါ် အကောင်းဆုံး တုံ့ပြန်နိုင်မယ့် ထိုင်းနိုင်ငံအတွက် မဟာဗျူဟာတွေ ဖန်တီးနိုင်ရေး ပြန်လည်သုံးသပ်နေခဲ့ကြပါတယ်။
မြန်မာနိုင်ငံက တော်လှန်ရေးတပ်ဖွဲ့တွေဟာ ထိုင်း၊ အိန္ဒိယ၊ တရုတ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေနဲ့ ဆက်စပ်နေတဲ့ နယ်စပ်ဒေသတွေမှာ အနိုင်ရ ဦးဆောင်နေကြပါတယ်။ မကွေးတိုင်းနဲ့ ကယားပြည်နယ်တွေ အတွင်းက တိုက်ပွဲတွေရဲ့ အခြေအနေကို ကြည့်ရင်လည်း မြန်မာစစ်တပ်အတွက် နယ်မြေစိုးမိုးမှု အဆုံးအဖြတ်တိုက်ပွဲတွေ ဖြစ်နေပါတယ်။
လက်ရှိ ထိုင်းအစိုးရက မြန်မာနိုင်ငံက သက်ဆိုင်ရာ အဖွဲ့အစည်းတွေ အားလုံးနဲ့ ဆက်ဆံရေးကို ပွင့်ပွင့်လင်းလင်း တိုးမြှင့်ဆောင်ရွက်နေတာဟာ စစ်ကောင်စီအတွက် စိတ်မသက်သာစရာလည်း ဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ ပြည်တွင်းဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဖိအားတွေကို တုံ့ပြန်ဖို့အတွက် ဒီလို မူဝါဒပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေဟာ မရှိမဖြစ် လိုအပ်ပါတယ်။
အခုလရဲ့ အစောပိုင်းမှာ ဝန်ကြီးချုပ် ဆေထာထဝီးဆင်က လူမှုကယ်ဆယ်ရေး ထောက်ပံ့ကူညီမှုတွေနဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းတွေကို တခြားဝန်ကြီးဌာနတွေ၊ အေဂျင်စီတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ နိုင်ငံခြားရေးဝန်ကြီးကို တာဝန်ပေးအပ်ခဲ့ပါတယ်။
နှစ်နိုင်ငံ လူမှုကယ်ဆယ်ရေး ထောက်ပံ့ကူညီမှု အစီအစဉ်ဟာ စစ်ကောင်စီနဲ့ တခြား မြန်မာနိုင်ငံဆိုင်ရာ အဖွဲ့အစည်းတွေ အပါအဝင် ထိုင်းနဲ့ အခြားအာဆီယံ မိတ်ဖက်နိုင်ငံတွေ အနေနဲ့ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည် ဖော်နိုင်မလား ဆိုတာကို ဖော်ပြမယ့် စမ်းသပ်မှုတခုလည်း ဖြစ်ပါတယ်။ စစ်ကောင်စီအတွက်ကတော့ ဒါဟာ တခြား အာဆီယံအဖွဲ့ဝင်တွေကိုရော ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့ ကြိုးစားနေတဲ့ တခြားသော အဖွဲ့အစည်းတွေကိုပါ သူတို့မှာ အပြုသဘောဆောင်တဲ့ ဦးတည်ချက်တွေ ရှိနေကြောင်း ပြနိုင်မယ့် အခွင့်အရေးကောင်းတခု ဖြစ်ပါတယ်။
တပြိုင်နက်တည်းမှာလည်း ဒေသတွင်းနဲ့ နိုင်ငံတကာအတွက် အချက်အချာဆုံချက် ဖြစ်နေတဲ့ ပထဝီဝင်နိုင်ငံရေးအရ မြန်မာနိုင်ငံက အဖွဲ့အစည်းအားလုံးဟာ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ကြားက ညှိနှိုင်းမှုတွေ စတင်ဖို့ အခွင့်သာစေခဲ့ပါတယ်။ ဒေသတွင်းစကားနဲ့ ပြောရရင်တော့ “တိုက်ရင်းဆွေးနွေး” ဆိုတဲ့ နည်းဗျူဟာပဲ ဖြစ်ပါတယ်။
အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို ဖော်ဆောင်ဖို့အတွက် အလွယ်ကူဆုံး ဆောင်ရွက်နိုင်မယ့် အချက်ကတော့ ပဋိပက္ခဒဏ်ခံရတဲ့ ရွာသူရွာသားတွေကို လူမှုကယ်ဆယ်ရေး ထောက်ပံ့ကူညီမှုတွေ ပေးဖို့ပဲ ဖြစ်ပါတယ်။ လူမှုကယ်ဆယ်ရေး ကနဦး ဆောင်ရွက်ချက်ဖြစ်တဲ့ ဒီအစီအစဉ်ဟာ အောင်မြင်ကြောင်း သက်သေပြနိုင်မှာဖြစ်သလို ပိုမိုကြီးမားကျယ်ပြန့်တဲ့ ဒေသတွင်းသာမက ကုလသမဂ္ဂ အထူးအေဂျင်စီတွေနဲ့ ဆွေးနွေးညှိနှိုင်းမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းတွေလို နိုင်ငံတကာ အဖွဲ့အစည်းတွေ ပါဝင်လာမယ့် မယ့်ဟောင်ဆောင်ခရိုင်ထဲက နေရာအသစ်တွေမှာပါ တိုးချဲ့ ဆောင်ရွက်နိုင်လိမ့်မယ်လို့ ထိုင်းအစိုးရက မျှော်လင့်ထားပါတယ်။
ပြင်ပနိုင်ငံကြီးတွေရဲ့ အထောက်အပံ့နဲ့ သူတို့ရဲ့ နယ်မြေလွှမ်းမိုးမှုအတွက် တိုက်ပေးနေရတဲ့ စစ်ပွဲလို ဖြစ်လာမှာကို မြန်မာ့ပဋိပက္ခထဲမှာ ပါဝင်နေတဲ့ အဖွဲ့အစည်းတွေ အားလုံးကလည်း မလိုလားကြပါဘူး။ ဒါဟာ ဘယ်ဘက်ကိုမှ အကျိုးမရှိစေတဲ့ lose-lose အခင်းအကျင်းလည်း ဖြစ်ပါတယ်။ ရုရှား-ယူကရိန်း စစ်ပွဲနဲ့ ဂါဇာကမ်းမြောင် စစ်ပွဲတွေကို နမူနာအဖြစ် ထင်ထင်ရှားရှား မြင်တွေ့ခဲ့ကြရပြီးပြီလည်း ဖြစ်ပါတယ်။ ဒီအကျပ်အတည်းကို လွန်မြောက်နိုင်ဖို့အတွက် မြန်မာ့အဖွဲ့အစည်းတွေ အားလုံးက အရှိန်တိုးမြှင့် စေ့စပ်ညှိနှိုင်းကြရမှာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံအတွက်တော့ မြန်မာ့အရေးရဲ့ ရိုက်ခတ်မှုက ကြီးမားမှာဖြစ်ပါတယ်။ တကယ်လို့သာ မြန်မာ့ပဋိပက္ခက ကာလရှည်ကြာ ဆက်လက်ဖြစ်ပွားနေမယ်ဆိုရင် ထိုင်းနိုင်ငံရဲ့ နယ်စပ်လုံခြုံရေးကိုလည်း ထိခိုက်လာမှာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံအတွင်းက အစားအစာနဲ့ စွမ်းအင်ကဏ္ဍရဲ့ လုံခြုံရေးအပေါ်မှာလည်း ရိုက်ခတ်မှုရှိလာမှာ ဖြစ်ပါတယ်။ အဲဒါတွေအပြင် ထိုင်းအစိုးရကလည်း သူ့ရဲ့ပိုင်နက်နယ်မြေကို ပြည်တွင်းစစ်တခုအတွက် လောင်စာဆီအဖြစ် ပွင့်ပွင့်လင်းလင်းရော လျှို့လျှို့ဝှက်ဝှက်ရော အသုံးချခံနေရတာကို မြင်ချင်မှာမဟုတ်ပါဘူး။
ကဝီချောင်ကစ်တာဗွန်
ဘာသာပြန်-ဥဿာဆန်း
(ဘန်ကောက်ပို့စ်သတင်းစာမှာ အရှေ့တောင်အာရှရေးရာ ဝါရင့်ထိုင်းသတင်းစာဆရာ ကဝီချောင်ကစ်တာဗွန် ရေးသားထားတဲ့ “Myanmar crisis: security and humanity ” ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုဖော်ပြသည်။)