Home
အားကစား
ဆီးရီးယားနှင့် သရေပွဲတွင် မြန်မာအသင်း၏ ခံစစ်ကစားပုံကို နည်းပြချီးကျူး
DVB
·
March 22, 2024
MyanmarTeam_22032024

ဆီးရီးယားနဲ့ သရေကျတဲ့ပွဲမှာ မြန်မာကစားသမားတွေရဲ့ ခံစစ်ကစားပုံကို အားရကျေနပ်တဲ့ အကြောင်းနဲ့ ကြိုးစားအားထုတ်မှု ကောင်းမွန်တဲ့အကြောင်း မြန်မာ့လက်ရွေးစင်အသင်း နည်းပြက ပြောကြားလိုက်ပါတယ်။

မြန်မာ့လက်ရွေးစင်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ (အာရှဇုန်) ဒုတိယအဆင့် အိမ်ကွင်းပွဲစဉ်အဖြစ် ဆီးရီးယားအသင်းနဲ့ မတ် ၂၁ ရက် ညနေက ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တာမှာ တဖက်တဂိုးစီ သရေကျသွားခဲ့တာပါ။

မြန်မာအသင်းအတွက် အနိုင်ဂိုးကို ပွဲချိန် ပထမပိုင်း ၃၅ မိနစ်မှာ နောက်တန်းကစားသမား စိုးမိုးကျော်က ထောင့်ကန်ဘောကနေတဆင့် သွင်းပေးခဲ့တာဖြစ်ပြီး ဒုတိယပိုင်း ပွဲချိန် ၇၁ မိနစ်မှာတော့ အယ်လ်ဒါလီက ဆီးရီးယားအသင်းအတွက် ချေပဂိုး သွင်းယူပေးခဲ့လို့ ပွဲအပြီးမှာ တဖက်တဂိုးစီ သရေကျသွားတာပါ။

ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ မြန်မာအသင်းနည်းပြချုပ် မိုက်ကယ် ဖက်ချ်တန်ဘိုင်နာက “ခံစစ်ကစားပုံကို အားရကျေနပ်ပါတယ်။ အထူးသဖြင့် ပထမပိုင်းကစားပုံ ကောင်းမွန်ခဲ့တယ်။ တဂိုးနဲ့ ဦးဆောင်ခဲ့တဲ့အတွက် ရလဒ်ကို ထိန်းသိမ်းဖို့ ကြိုးစားခဲ့တယ်။ နောက်ပိုင်းမိနစ်တွေမှာ ကစားသမားတွေ ပင်ပန်းလာပြီး ကစားအားကျသွားတဲ့အတွက် ချေပဂိုး ပြန်ပေးခဲ့ရတယ်။ ကစားသမားတွေ ကြိုးစားအားထုတ်ပုံ ကောင်းခဲ့ပါတယ်” လို့ ပြောပါတယ်။

ဒီပွဲမှာ တဂိုးသွင်းပြီး အကောင်းဆုံးကစားသမားဆု ရသွားတဲ့ မြန်မာနောက်ခံလူ စိုးမိုးကျော်ကလည်း “ဦးဆောင်ဂိုး သွင်းနိုင်တဲ့အတွက် ပျော်ရွှင်မိပါတယ်။ နောက်ထပ် အများကြီး ကြိုးစားသွားမှာပါ။ နောက်ပွဲက ကြားကွင်းကန်ရမှာဖြစ်လို့ အကောင်းဆုံး ပြင်ဆင်သွားမှာပါ။ နည်းပြကြီးချမှတ်တဲ့ ကစားကွက်အတိုင်း ကြိုးစားကစားသွားမှာပါ” လို့ ပြောပါတယ်။

ဆီးရီးယားအသင်း နည်းပြ ဟက်တာကူးပါးကတော့ “မြန်မာအသင်းရဲ့ အားသာချက်ကတော့ ကစားသမားတွေရဲ့ နိုင်လိုစိတ် ပြင်းထန်မှုပါပဲ။ ပွဲချိန်ပြည့် အကောင်းဆုံး ကြိုးစားကစားသွားကြတယ်။ တိုက်စစ်ပိုင်းမှာတော့ ကျနော်တို့အသင်းက ပိုကောင်းခဲ့ပါတယ်။ အခွင့်အရေးတွေ အသုံးမချနိုင်လို့ နိုင်ပွဲမရခဲ့တာပါ။ နောက်ပွဲစဥ်မှာ နိုင်ပွဲရဖို့ ပြင်ဆင်သွားမှာပါ” လို့ ပြောပါတယ်။

မြန်မာ့လက်ရွေးစင်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ (အာရှဇုန်) ဒုတိယအဆင့် ပွဲစဉ်တွေမှာ ဂျပန်အသင်းနဲ့ မြောက်ကိုရီးယားအသင်းတွေကို ဆက်တိုက်ရှုံးနိမ့်ထားပြီး အမှတ်မရသေးဘဲ ရှိနေရာကနေ မနေ့ကပွဲမှာ ဆီးရီးယားနဲ့ သရေကျတဲ့အတွက် ရမှတ် တမှတ်နဲ့ အုပ်စုနောက်ဆုံးမှာ ရပ်တည်နေပါတယ်။

မြန်မာအသင်းဟာ လာမယ့် မတ် ၂၆ ရက်မှာ ဆီးယားအသင်းနဲ့ အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

Photo-MFF

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013