Home
မြန်မာသတင်း
စစ်ကောင်စီ ဖိအားကြောင့် AA ကို ဆန္ဒပြရခြင်းဖြစ်ဟုဆို 
မင်းညို
·
March 21, 2024
RohingyaProtest_20032024

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့မှာ ရိုဟင်ဂျာတွေ AA အလိုမရှိကြောင်း ဆန္ဒပြတာဟာ နောက်ကွယ်က စစ်ကောင်စီရဲ့ ဖိအားကြောင့် ဖြစ်နိုင်တယ်လို့ ရိုဟင်ဂျာတွေနဲ့ အေအေဘက်က သုံးသပ်ထားပါတယ်။

မတ် ၁၉ ရက်က ဘူးသီးတောင်မြိုနယ်ထဲက‌ ရိုဟင်ဂျာတွေ ရာနဲ့ချီပြီး ‘AA တပ်ဖွဲ့အလိုမရှိ”၊ “စစ်ပွဲတွေအလိုမရှိ” ဆိုတဲ့ဆိုင်းဘုတ်တွေကိုင်ဆောင်ပြီး မြို့တွင်း စီတန်းလှည့်လည် ဆန္ဒပြသခဲ့ကြပါတယ်။

ဒီဆန္ဒပြပွဲလုပ်နိုင်ဖို့ စစ်ဗျူဟာအနီး  ရိုဟင်ဂျာရွာတွေကနေ အုပ်ချုပ်ရေးမှူးတွေရဲ့ အကူအညီနဲ့ ကလေးငယ်တွေ၊ လူငယ်တွေကို ကားတွေနဲ့ခေါ်ပြီး  ဆန္ဒပြခိုင်းတာလို့  ဒေသခံရိုဟင်ဂျာတွေက ပြောပါတယ်။

သူတို့နဲ့အတူ စစ်တပ်မိသားစုဝင်တွေကလည်း Mask တပ်ပြီး ဝင်ရောက်ပြသခဲ့တယ်လို့  ဒေသခံရိုဟင်ဂျာတဦးက ပြောပါတယ်။

ဘူးသီးတောင်မြို့နယ်မှာ AAနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေ ဖြစ်ပွားနေပေမဲ့ မြို့ပေါ်ကိုတော့ စစ်ကောင်စီတပ်တွေက ထိန်းချုပ်ထားပါတယ်။

စစ်ကောင်စီတပ်တွေ ထိန်းချုပ်ထားတဲ့ နေရာမှာလုပ်လို့ရတဲ့ ဆန္ဒပြပွဲက စစ်ကောင်စီက လုပ်ခိုင်းတဲ့ဆန္ဒပြပွဲပဲ ဖြစ်တယ်လို့ ရက္ခိုင့်တပ်တော်ပြောခွင့်ရသူ ဦးခိုင်သုခက DVB ကို ပြောပါတယ်။

ဒေသခံ ရိုဟင်ဂျာတွေကတော့ စစ်ကောင်စီက အတင်းအဓမ္မ ခေါ်ဆောင်နေတာကို ငြင်းမယ်ဆိုရင် ပြဿနာပိုကြီးလာနိုင်တာကြောင့် တချို့မိသားစုဝင်တွေက သူတို့သားသမီးတွေကို ဆန္ဒပြဖို့ ထည့်လိုက်တာဖြစ်ပြီး ဒီကိစ္စအတွက်  သူတို့ကို နားလည်ပေးစေချင်လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ အကြိမ်ကြိမ် လူမျိုးတုံး သတ်ဖြတ်ခြင်းခံခဲ့ရတဲ့သူတွေက အခုလို စစ်တပ်က ခိုင်းတဲ့အတိုင်း လုပ်နေတာကို ရှုတ်ချကြောင်းနဲ့ အဲဒီလုပ်ရပ်ကလည်း ရိုဟင်ဂျာတွေကို ကိုယ်စားမပြုကြောင်း ရိုဟင်ဂျာအရေးဆောင်ရွက်နေသူ ဦးထွန်းခင်က ပြောပါတယ်။

စစ်ကောင်စီက ဘူးသီးတောင်မြို့နယ်ထဲက စမြင်းချောင်း၊ ကျောက်ဖြူတောင်စတဲံ ကျေးရွာအုပ်စုတွေက လူငယ်တွေကို ကားတွေနဲ့  ခေါ်လာပြီး ဘူးသီးတောင်မြို့ထဲမှာ လှည့်လည်ဆန္ဒပြခိုင်းခဲ့တာ ဖြစ်ပါတယ်။

မောင်တောမှာ ရိုဟင်ဂျာတွေ လှည့်လည်ဆန္ဒပြတဲ့ ဓာတ်ပုံတွေ ဗွီဒီယိုတွေတွေကို စစ်ကောင်စီ ထောက်ခံတဲ့ တယ်လီဂရန်ချန်နယ်တွေမှာ ဖြန့်ဝေခဲ့တဲ့အပြင်   စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ သတင်းစာနဲ့ ရုပ်မြင်သံကြားတွေမှာလည်း ထုတ်လွှင့်ခဲ့ပါတယ်။

ဆန္ဒပြပွဲနဲ့ပတ်သက်ပြီး နောက်ဆက်တွဲ ပဋိပက္ခတွေဖြစ်လာမှာကို စိုးရိမ်ပြီး ဘူးသီးတောင်မြို့ကနေ စွန့်ခွာသွားတဲ့ မြို့ခံတချို့လည်း ရှိပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013