စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ညံသာကျေးရွာက လူနေအိမ်တွေကို စစ်ကောင်စီတပ်က မီးရှို့ပြီး သာကေတကျေးရွာက အရပ်သားတဦး ဗိုက်ဖောက် ခေါင်းဖြတ် အသတ်ခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မတ် ၂၀ ရက်မှာ သာကေတရွာက အမျိုးသားတဦးရဲ့ ဗိုက်ဖောက် ခေါင်းဖြတ်ထားတဲ့ အလောင်းကို နွားစာတိုက်ဘေးမှာ ဒေသခံတွေက တွေ့ခဲ့ရတာလို့ သိရပါတယ်။
သေဆုံးသူဟာ အသက် ၄၀ အရွယ် ဦးပေါ ဆိုသူဖြစ်ပြီး သာကေတရွာသားတဦး ဖြစ်တယ်လို့လည်း သိရပါတယ်။
တန့်ဆည်ဒေသခံတဦးက “ညံသာရွာကို မီးရှို့ပြီး အပြန်မှာ အသတ်ခံရတယ်လို့ ယူဆထားပါတယ်။ အလောင်းကိုလည်း နွားစာတွေနဲ့ ဖုံးသွားတာဆိုတော့၊ အလောင်းကတော့ ဗိုက်ကို ဖောက်ပြီးတော့မှ မွှေနှောက်ထားတယ်။ ခေါင်းကို ဖြတ်ထားတယ်။ ညံသာရွာက အိမ်ဘယ်နှလုံး ပါသွားသလဲတော့ အတည်ပြုမရသေးဘူး” လို့ ပြောပါတယ်။
တန့်ဆည်မြို့နယ်ထဲက ကျွန်းလယ်ရွာ၊ ကဘဲရွာ နားဋောင်းကျရွာ စတဲ့ရွာတွေက ပျူစောထီးတွေနဲ့ စစ်ကောင်စီတပ်သား စုပေါင်းအင်အား ၂၅၀ ပါ စစ်ကြောင်းက မတ် ၁၈ ရက်က စတင်ပြီး တန့်ဆည်မြို့နယ်က ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်ကာ နေအိမ်တွေကို မီးရှို့ပြီး ပြည်သူပိုင်ပစ္စည်း ခိုးယူတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။