ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်၊ သဇင်ရေကျော်ကျေးရွာမှာ စစ်မှုထမ်းဖို့ စာရင်းကောက်ယူတဲ့အဖွဲ့က အုပ်ချုပ်ရေးမှူးနဲ့ အုပ်ချုပ်ရေးအဖွဲ့ထဲ ပါတဲ့သူတွေရဲ့ သားတွေကို စာရင်းကောက်တဲ့အထဲ ထည့်မကောက်ဘဲထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ညောင်တုန်းမြို့နယ်မှာ မတ်လ ဒုတိယအပတ်က စတင်ပြီး စစ်မှုထမ်းရမယ့် သတ်မှတ် အသက်အရွယ်ရောက် အမျိုးသားတွေကို စာရင်းကောက်နေတာဖြစ်ပြီး ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေပါတဲ့ စစ်မှုထမ်းစာရင်း ကောက်ခံတဲ့အဖွဲ့က အုပ်ချုပ်ရေးမှူးတွေရဲ့ သားသမီးတွေ၊ ဆွေမျိုးတွေ၊ အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်ပြီး မကင်းရာ မကင်းကြောင်း ရှိသူတွေကို မကောက်ဘဲ ချန်ထားခဲ့တာလို့ ဆိုပါတယ်။
ညောင်တုန်းမြို့ခံတဦးက “စစ်မှုထမ်းဖို့ စာရင်းကောက်တဲ့ ညောင်တုန်းက အုပ်ချုပ်ရေးအဖွဲ့ကတော့ တရားမျှတမှု လုံးဝ လုံးဝကို မရှိဘူး။ အသက်အရွယ်မီတဲ့ အုပ်ချုပ်ရေးမှူးရဲ့ သားတွေ၊ အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်တဲ့သူတွေရဲ့ သားတွေကျတော့ စာရင်းထဲမထည့်ဘူး။ ကျန်တဲ့သူတွေ အကုန်ထည့်တာ။ စစ်ကောင်စီလက်အောက် အုပ်ချုပ်ရေးမှူးတွေက စစ်ကောင်စီကို ခုတုံးလုပ်နေတာ။ အာဏာရလို့ အလုပ်လုပ်နေတာ။ တာဝန်ယူချင်စိတ် မရှိကြဘူး” လို့ ပြောပါတယ်။
အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတဦးက “အဲဒီ စစ်မှုထမ်းစာရင်းကောက်တဲ့အဖွဲ့က သက်သက် အနိုင်ကျင့် ဗိုလ်ကျနေတာ။ အဲဒီအဖွဲ့မှာ သဇင်ရေကျော်ကျေးရွာက ပြည်သူ့စစ်အဖွဲ့ဝင် ဦးတင်ဌေး၊ ဦးအောင်ဝင်း၊ ဦးညိုအောင်၊ ဦးအောင်မြင့်ဆန်းနဲ့ ရေကျော်ပိုင်းမှာနေတဲ့ ကြံ့ခိုင်ရေးပါတီဝင် ဦးမြင့်ဦး၊ သဇင်ပိုင်းမှာနေတဲ့ ဦးဝင်းမြင့်တို့ပါ။ သူတို့က လက်ရှိ အုပ်ချုပ်ရေးအဖွဲ့ပါ၊ ပြည်သူတွေအပေါ် စော်ကားလွန်းတယ်” လို့ ပြောပါတယ်။
ညောင်တုန်းမြို့နယ်မှာ စစ်မှုထမ်းဖို့ စာရင်းကောက်တဲ့အထဲ အုပ်ချုပ်ရေးအဖွဲ့က အသက်မီတဲ့ အမျိုးသားတွေ မပါတာနဲ့ ပတ်သက်လို့ ပြည်သူတချို့က အုပ်ချုပ်ရေးအဖွဲ့ထံ တင်ပြ ပြောဆိုတာ ရှိပေမဲ့ အထက်ကခိုင်းလို့ လုပ်တာ၊ ဘယ်သူမှဂရုမစိုက်ဘူးဆိုပြီး ဒေသခံတွေကို ပြောတယ်လို့ သိရပါတယ်။
ဒါ့အပြင် အုပ်ချုပ်ရေးအဖွဲ့ကို ပြန်စောဒကတက်တဲ့ အရပ်သားတွေကို စာနဲ့ ရေးမှတ်ထားပြီး စစ်တပ်ကို ဖမ်းဆီး ရိုက်နှက်ခိုင်းမယ်ဆိုပြီး ခြိမ်းခြောက်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
Photo-MOI