တနင်္သာရီတိုင်း၊ မြိတ်မြို့၊ ရပ်ကွက်တချို့မှာ အုပ်ချုပ်ရေးမှူးတွေက ဆိုင်ကယ်တွေ၊ ကားတွေရဲ့ စာရင်းကို ကောက်ယူနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မတ်လ တတိယပတ်လောက်ကစပြီး အုပ်ချုပ်ရေးမှူးတွေက ရပ်ကွက်မှာရှိတဲ့ နေအိမ်တွေမှာ ဆိုင်ကယ်နံပါတ်၊ ကားနံပါတ်၊ ပိုင်ဆိုင်သူရဲ့ မှတ်ပုံတင်တွေကို လာရောက် စာရင်းကောက်ယူတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မြိတ်တောင်နယ်မြေရှိ ဒေသခံတဦးက “အိမ်မှာကတော့ ဆိုင်ကယ်ပိုင်ရှင်နာမည်၊ မှတ်ပုံတင်၊ ဆိုင်ကယ်နံပါတ်၊ အရောင်၊ အမျိုးအစားဆိုပြီး အုပ်ချုပ်ရေးမှူးက စာရင်းလာကောက်သွားတယ်။ သူတို့မှာ လူနာမည်စာရင်းနဲ့ အတိအကျလာတာ” လို့ ပြောပါတယ်။
မြိတ်မြို့ရှိ ရေပုန်းရပ်ကွက်၊ တပ်ပြင်ရပ်ကွက်၊ ကွက်သစ်ရပ်ကွက်နဲ့ မြိတ်တောင်နယ်မြေတွေမှာ အုပ်ချုပ်ရေးမှူးတွေက စာရင်းကောက်ယူနေတာလို့ ဆိုပါတယ်။
ရေပုန်းရပ်ကွက်မှာ နေထိုင်သူတဦးက “အိမ်မှာရှိတဲ့ ဆိုင်ကယ်ရော၊ ကားရော စာရင်းကောက်သွားတယ်။ ဆိုင်ကယ်နံပါတ်နဲ့ ပိုင်ရှင်နာမည်တွေပဲ ကောက်သွားတာပါ။ လာကောက်တာကတော့ အုပ်ချုပ်ရေးမှူးပဲ လာကောက်တာပါ။ စစ်သားတွေမပါဘူး” လို့ ပြောပါတယ်။
အခုလိုမျိုး ဆိုင်ကယ်နဲ့ ကားတွေကို စာရင်းကောက်ယူတာဟာ စစ်ကောင်စီက ပြုလုပ်ခိုင်းတယ်လို့ သိရပြီး ဘာကြောင့်ကောက်ယူခိုင်းတယ်ဆိုတဲ့ အသေးစိတ်ကိုတော့ DVB က စုံစမ်းနေဆဲ ဖြစ်ပါတယ်။