Home
မြန်မာသတင်း
EPS-TOPIKမှတ်ပုံတင်ကြေးသွင်းရန် နယ်ဝေးမှလူများ အခက်တွေ့နေ၊ ကိုယ်စားပေးသွင်းခ ကျပ် ၅၀,၀၀၀ ထိရှိ
DVB
·
March 21, 2024
worker 2132024

ကိုရီးယားဘာသာ အရည်အချင်းစစ်စာမေးပွဲ (EPS-TOPIK) အတွက် မှတ်ပုံတင်ကြေး ကိုယ်တိုင်ပေးသွင်းဖို့ ခရီးလမ်းအခြေအနေကြောင့် အခက်တွေ့နေရသူတွေ ရှိနေတယ်လို့ ကိုယ်တိုင်ကြုံတွေ့ရသူတွေဆီက သိရပါတယ်။

အဲဒီစာမေးပွဲ မှတ်ပုံတင်ကြေးကို မတ် ၁၉ ရက်ကစပြီး ဖြေဆိုခွင့် လျှောက်ထားစဥ်က ရရှိတဲ့ Payment နံပါတ်အလိုက် သတ်မှတ်ထားတဲ့နေ့တွေမှာ ပေးသွင်းခွင့်ပြုထားတာပါ။

စာမေးပွဲမှတ်ပုံတင်ကြေးကို ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ ပင်လုံခန်းမမှာ ပေးသွင်းရတာ ဖြစ်ကာ ကိုယ်တိုင် မလာရောက်နိုင်သူတွေအနေနဲ့ ကိုယ်စားပေးသွင်းနိုင်ပေမဲ့ ကိုယ်စားပေးသွင်းပေးမယ့်သူ မရှိတဲ့ အလုပ်သမားတွေ အခက်တွေ့နေရတာ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းမှာနေထိုင်တဲ့ EPS-TOPIK စာမေးပွဲဖြေဆိုခွင့် လျှောက်ထားသူတဦးက “လမ်းခရီးကလည်း သွားလာရ အဆင်မပြေဘူး။ စစ်မှုထမ်းစာရင်း ကောက်နေချိန်ဆိုတော့ ခရီးသွားဖို့က အခြေအနေက ဘာမှန်းမသိဘူး။ ကိုယ်တိုင်ပဲ သွားဖို့က ခက်နေတယ်။ ကိုယ်စားသွင်းခိုင်းဖို့ကလည်း လူရင်းကမရှိဘူး” လို့ ပြောပါတယ်။

လက်ရှိမှာ စာမေးပွဲမှတ်ပုံတင်ကြေး ပေးသွင်းသူဦးရေဟာ တရက်ကို လူထောင်ချီရှိပြီး မနက်ဖြန်လို ပေးသွင်းရမယ့်သူတွေက ဒီနေ့ညလောက်ကတည်းက တန်းစီ စောင့်ဆိုင်းနေရတာမျိုး ရှိနေတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတွေက ဆိုပါတယ်။

လူကိုယ်တိုင် လာရောက်ပေးသွင်းဖို့ အခက်အခဲရှိသူတွေကို ကိုယ်စားသွင်းပေးသူတွေရှိပြီး ဝန်ဆောင်ခအနေနဲ့ ကျပ် ၁၅,၀၀၀ ကနေ ၅၀,၀၀၀ ကျပ်အထိ ပေးရတာတွေ ရှိနေတယ်လို့လည်း သူတို့က ဆိုပါတယ်။

ကိုယ်တိုင်ပေးသွင်းခဲ့သူတဦးက “ကိုယ်စားစောင့်သွင်းပေးတာတွေကျတော့လည်း အလိမ်အညာတွေတိုးမှာ ကြောက်ရသေးတယ်။ သင်တန်းကျောင်းတွေကတော့ အားလုံး စုလုပ်ပေးတာ ရှိတယ်” လို့ ပြောပါ​တယ်။

EPS-TOPIK စာမေးပွဲ မှတ်ပုံတင်ကြေးအနေနဲ့ တဦးကို အမေရိကန်ဒေါ်လာ ၂၈ ကျသင့်ပြီး ​ကျပ်ငွေနဲ့ဆိုရင် ၁၀၆,၄၀၀ ကျပ် ပေးသွင်းရတယ်လို့ သိရပါတယ်။

အဲဒီစာမေးပွဲကို ဧပြီလကုန်ပိုင်းကနေ စက်တင်ဘာလလယ်အထိ လုပ်ငန်းအမျိုးအစားအလိုက် ကျင်းပသွားမှာဖြစ်ပြီး ဖြေဆိုခွင့် လျှောက်ထားသူဦးရေ ၇၅,၀၀၀ နီးပါး ရှိတယ်လို့ ထုတ်ပြန်ချက်စာရင်းတွေအရ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013