SpaceX လို စီးပွားဖြစ် ဂြိုဟ်တုလွှတ်တင်ရေး လုပ်ငန်းတွေကို သုံးဖို့ အမေရိကန် ထောက်လှမ်းရေးက ကြိုးပမ်းအားထုတ်နေတာကို သိတယ်လို့ ရုရှားနိုင်ငံက မတ် ၂၀ ရက်မှာ ပြောလိုက်ပြီး ဒီလုပ်ရပ်တွေဟာ သူတို့ရဲ့ ဂြိုဟ်တုတွေကို တရားဝင်ပစ်မှတ် ဖြစ်စေလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။
အီလွန်မတ်စ်ခ်ရဲ့ အာကာသကုမ္ပဏီနဲ့ အမျိုးသားလုံခြုံရေး အေဂျင်စီတွေကြား နက်ရှိုင်းတဲ့ ဆက်ဆံရေးကို ပြသနေတဲ့ SpaceX ဟာ အမေရိကန်ထောက်လှမ်းရေး အေဂျင်စီတခုနဲ့ သက်ဆိုင်သူသာ သိခွင့်ရှိတဲ့ စာချုပ်အရ အရေအတွက် ရာချီတဲ့ သူလျှိုဂြိုဟ်တုတွေပါတဲ့ ကွန်ရက်တခုကို တည်ဆောက်နေတယ်လို့ အခုလထဲမှာ ရိုက်တာသတင်းဌာနက ထုတ်ပြန်ခဲ့ပါတယ်။
ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီး မာရီယာ ဇာခါရိုဗာက “ပုဂ္ဂလိကကဏ္ဍကို သူ့ရဲ့ စစ်ရေးဆိုင်ရာ အာကာသရည်မှန်းချက်တွေကို ထမ်းဆောင်ဖို့ အမေရိကန်အစိုးရရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို သတိပြုမိပါတယ်” လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
ဒီလိုစနစ်တွေဟာ စစ်တပ်တွေ အပါအဝင် လက်တုံ့ပြန်ရေး အစီအမံတွေအတွက် တရားဝင် ပစ်မှတ် ဖြစ်လာတယ်လို့လည်း ဇာခါရိုဗာက ပြောပါတယ်။
Source/Photo-Reuters