ရှမ်းပြည်နယ်၊ မိုင်းယောင်းမြို့နယ်မှာ အိမ်စီးကားတစီး ပေ ၇၀ နက်တဲ့ မိုင်းဟန်ချောင်းထဲကျပြီး တိမ်းမှောက်ခဲ့တာကြောင့် လူနှစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံလူမှုရေးအဖွဲ့ထံက သိရပါတယ်။
မိုင်းယောင်းမြို့နယ်၊ မိုင်းဟန်ကျေးရွာအနီး မိုင်တိုင်အမှတ် ၃၂/၂ နဲ့ ၃၂/၃ ကြားမှာ မတ် ၂၀ ရက် မနက် ၇ နာရီခွဲက ဟွန်ဒါဖစ် အဖြူရောင်ကားဟာ အရှိန်မထိန်းနိုင်ဘဲ ပေ ၇၀ နက်တဲ့ မိုးဟန်ချောင်းထဲ တိမ်းမှောက်ခဲ့ပါတယ်။
ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါလာတဲ့ အမျိုးသား နှစ်ဦးနဲ့ အမျိုးသမီး သုံးဦးထဲက အမျိုးသား နှစ်ဦး နေရာမှာပဲ သေဆုံးပြီး အမျိုးသမီးသုံးဦးက ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ဒေသခံ လူမှုကူညီရေးအဖွဲ့ တာဝန်ရှိသူတဦးက “ကားလမ်းပေါ်ကနေ အရှိန်မထိန်းနိုင်ဘဲ ပေ ၇၀ လောက်နက်တဲ့ ချောင်းထဲ ကျသွားတာ။ အမျိုးသားနှစ်ဦးကတော့ နေရာမှာပဲ သေသွားတာ။ အမျိုးသမီး သုံးဦးကတော့ ဒဏ်ရာတော့များပေမဲ့ အရမ်းကြီးတော့ စိုးရိမ်စရာ မရှိပါဘူး” လို့ ပြောပါတယ်။
ယာဉ်တိုက်မှုကြောင့် သေဆုံးသူ အမျိုးသားနှစ်ဦးနဲ့ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ အမျိုးသမီး သုံးဦးကို မိုင်းယောင်းမြို့နယ် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့က မိုင်းယောင်းပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပါတယ်။