ချင်းပြည်နယ်၊ တီးတိန်မြို့မှာ စစ်ကောင်စီတပ်က စစ်မှုထမ်းဆောင်ဖို့ လူဦးရေစာရင်းတွေ ကောက်ယူနေတယ်လို့ တီးတိန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံက သိရပါတယ်။
မတ် ၁၈ ရက်က စတင်ကာ စစ်ကောင်စီတပ်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေက တီးတိန်မြို့ပေါ်က လမ်းသွားလမ်းလာ လူငယ်တွေကို ဖမ်းဆီးပြီး စစ်မှုထမ်းဆောင်ဖို့ စာရင်းသွင်းတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
တီးတိန်မြို့ပေါ်က စစ်ကောင်စီတပ်သားတွေ ထိန်းချုပ်ထားတဲ့ စကောလမ်းရပ်ကွက်နဲ့ မြို့မရပ်ကွက်တွေမှာလည်း လူဦးရေစာရင်း ကောက်ယူတာတွေ အဓိက လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
တီးတိန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက “မြို့ထဲမှာတော့ သူတို့ သုံးဖွဲ့ခွဲပြီးတော့မှပေါ့။ တွေ့သမျှလူငယ်တွေ ဖမ်းပြီး ဖောင်ဖြည့်ခိုင်းတယ်၊ နာမည်၊ မှတ်ပုံတင်နံပါတ်၊ ဆက်သွယ်ရမယ့် ဖုန်းနံပါတ် တောင်းတယ်။ ပြီးမှ ပြန်ပြီးဆက်သွယ်မယ်ဆိုပြီး ပြန်လွှတ်ပေးတယ်။ စစ်မှုမထမ်းမနေရ သူတို့ချပြထားတဲ့ မူဝါဒအပေါ်မှာ လူငယ်တွေကို သူတို့က စာရင်းကောက်နေတယ်။ စစ်ရေးအရ ဆိုရင်လည်း သူတို့က အင်အားနည်းနေတော့ သူတို့ အင်အားလည်း ဖြည့်ချင်တဲ့သဘောပေါ့” လို့ ပြောပါတယ်။
တီးတိန်မြို့မရဲစခန်း၊ တီးတိန် ၂၆၈ တပ်ရင်း၊ လျှပ်စစ်ရုံး၊ MPT ဖုန်းတာဝါ စတဲ့နေရာတွေမှာ စစ်ကောင်စီနဲ့ ရဲတပ်ဖွဲ့ဝင် အင်အား ၁၅၀ ကျော် နေရာယူထားတယ်လို့ သိရပါတယ်။
တီးတိန်မြို့ပေါ်က စကောလမ်းရပ်ကွက်နဲ့ မြို့မရပ်ကွက်ကိုသာ စစ်ကောင်စီတပ်က စိုးမိုးထားပြီး ကျန်မြို့ပေါ်ရပ်ကွက်နှစ်ခုနဲ့ ကျေးရွာတွေကို ချင်းကာကွယ်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။