စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မြောက်ခြမ်း၊ ကဝက်လူးအိုင်ရွာကို စစ်ကောင်စီတပ်က မတ် ၂၀ ရက် ညနေ ၅ နာရီခွဲလောက်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သက်ကြီးရွယ်အို အဘွားအို တဦးသေဆုံးပြီး အမျိုးသမီးကြီးတဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မြေပြင်မှာ ဘာတိုက်ပွဲမှ မဖြစ်ပွားဘဲ အကြောင်းမဲ့သက်သက် လေယာဉ်နဲ့ လာရောက်တိုက်ခိုက်တာလို့ ဒေသခံဝက်လူးအိုင်ရွာသားတဦးက ပြောပါတယ်။
“ပထမဆုံး ကင်းထောက်ဒရုန်းနဲ့ ကြည့်တယ်။ အဲလို ကင်းထောက်ဒရုန်းနဲ့ ကြည့်ပြီး လေယာဉ်နဲ့ လာပစ်မယ်ဆိုတာကို ရွာသားတွေက ကြိုသိတော့ လုံခြုံတဲ့အိမ်တွေထဲ ပုန်းကြရတယ်။ အဲလို ပုန်းနေရင်း ခဏနေတော့ လေယာဉ်နဲ့လာပစ်တယ်။ ဗုံးတွေနဲ့လည်း ရှစ်လုံးကြဲချတယ်။ ရွာက ကိုသိန်းဖေအိမ်ထဲ လေးလုံးကျတယ်။ နွားတဲကတော့ စုတ်ပြတ်သွားတယ်။ နွားလေးကောင် ထိခိုက်တယ်။ တကောင်ကတော့ သေမယ်ထင်တယ်ဗျ။ နောက်ရွာ အနောက်ပိုင်းလည်း ပစ်တယ်။ အဲဒီပစ်တဲ့ နေရာကတော့ အသက် ၇၅ အရွယ် အဘွားအို ဒေါ်ရွှေထုပ် နဖူးကျည်စ ထိမှန်ပြီးသေတယ်။ နောက်ပြီးတော့ အသက် ၆၅ နှစ်အရွယ် အဘွားအို ဒေါ်တာမ တင်ပါး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့တယ်။”
အခုလို စစ်ကောင်စီတပ်က အကြောင်းမဲ့ လေယာဉ်နဲ့ပစ်ခတ်ခဲ့ပြီးနောက် နောက်ထပ်တကြိမ် လာရောက် ပစ်ခတ်ခံရမှာ ကြောက်လန့်ပြီး လူနေအိမ်ခြေ ၂၀၀ လောက်ရှိတဲ့ ဝက်လူအိုင်ရွာက ပြည်သူတွေ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြပါတယ်။
ဒါ့အပြင် အနီးနားက သခွတ္တနယ်ရွာ၊ ရှမ်းတည်းကိုင်းရွာ၊ မုံအိုရွာ၊ ရေဘုတလင်ရွာနဲ့ သာယာကုန်းရွာစတဲ့ ကျေးရွာတွေက ဒေသခံပြည်သူထောင်နဲ့ချီ နေရပ်စွန့်ခွာထွက်ပြေးနေကြရ တယ်လို့ သိရပါတယ်။