ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ကို စစ်ကောင်စီက မတ် ၂၁ ရက် မနက် ၈ နာရီကျော်မှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ခြောက်ဦး သေဆုံးပြီး ခုနှစ်ဦး အပြင်းအထန် ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးဒဏ်ရာရရှိသွားတဲ့ ပြည်သူတွေဟာ မြောက်ဦးမြို့နယ် အထက်လေညှင်းတောင် ကျေးရွာမှာ နေထိုင်တဲ့ ရွာသူရွာသားတွေ ဖြစ်ပြီး ဒဏ်ရာရ သေဆုံးသူတွေထဲမှာ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေလည်း ပါတယ်လို့ သိရပါတယ်။
ဒေသခံတဦးက “မနက်ပိုင်း စောစောကလာပြီး ဂျက်ဖိုက်တာနဲ့ လာကြဲသွားတာ၊ ကျနော်တို့လည်း ပြေးနိုင်လောက်လို့သာ လွတ်သွားတာ။ ဒဏ်ရာရတဲ့သူ သေတဲ့သူတွေ အများကြီးပဲ။ ဗုံးကြဲပြီးတာနဲ့ ကမ္ဘာပျက်သလို ဖြစ်သွားတာ။ ခြေပြတ်တွေ လက်ပြတ်တွေပါ အကုန်လုံး သွေးတွေချည်းပဲ” လို့ ပြောပါတယ်။
လက်ရှိ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာရသူတွေထဲက နှစ်ဦးဟာ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိပြီး ကျန်တဲ့ ဒဏ်ရာရရှိသူတွေကို ဆေးရုံပို့လိုက်ပြီလို့ သိရပါတယ်။
“နှစ်ဦးကတော့ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိတယ်။ ကလေးငယ်တွေလည်း ပါတော့ အသက်သေမလား ရှင်မလားက မသိရသေးဘူး။ အရေးပေါ် ဆေးကုဖို့အတွက်တော့ သွားကြတယ်။ တခြား ဒဏ်ရာရသူတွေကိုလည်း ဆေးရုံကိုပို့ထားကြတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ရေးအရ ရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ အရပ်ဘက်ပြည်သူတွေကို အဓိက ပစ်မှတ်ထားပြီးတော့ လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်ပြုလုပ်နေပါတယ်။
မတ် ၁၈ ရက်ကလည်း မင်းပြားမြို့နယ်က သာဒါ မွတ်စလင် ကျေးရွာမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မွတ်စလင် ၂၂ ဦး အစုလိုက်အပြုံလိုက် သေဆုံးပြီး ၂၉ ဦး ဒဏ်ရာရရှိသွားတယ်လို့ ရက္ခိုင့်တပ်တော် (AA) က ထုတ်ပြန်ထားပါတယ်။
ရခိုင်ပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မတ်လ တလအတွင်းမှာ သေဆုံးသူ ၅၀ ကျော် ရှိလာပြီး ဒဏ်ရာရရှိသူ အရေအတွက်ဟာ ၈၀ ကျော်နီးပါး ရှိလာပြီလို့ အရေးပေါ် ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ အချက်အလက်တွေအရ သိရပါတယ်။
ရက္ခိုင့်တပ်တော်ရဲ့ ထိုးစစ်တွေကြောင့် ရခိုင်ပြည်နယ်ရဲ့ စစ်မျက်နှာတိုင်းမှာ ရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ ပြည်သူလူထုကို စစ်ရာဇဝတ်မှု၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ အပါအဝင် မုဒိမ်းမှု၊ သမိုင်းယဥ်ကျေးမှုဆိုင်ရာ အချက်အလက်တွေ ဖျက်ဆီးမှုအပြင် လူနေအိမ်၊ စျေး၊ ကျောင်းအဆောက်အုံတွေကိုပါ စစ်ရေးပစ်မှတ်အဖြစ်နဲ့ တိုက်ခိုက်နေပါတယ်။
စစ်ကောင်စီက လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးတွေနဲ့ ပြည်သူလုထုကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတဲ့အပေါ် ရခိုင်ပြည်သူတွေအနေနဲ့ စစ်ရေးသတိဝီရိယထားပြီး သွားလာကြဖို့ လေကြောင်းအန္တရာယ်ကို အထူးသတိထားကြဖို့ ရက္ခိုင့်တပ်တော်က တိုက်တွန်းထားပါတယ်။
အကြမ်းဖက်မှုတွေကို ကျူးလွန်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေအတွက် တာဝန်ယူမူ တာဝန်ခံမှု အပြည့်အဝ ရှိရမှာဖြစ်ပြီး စစ်ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးနေကာ ထိရောက်တဲ့ အပြစ်ပေးမှုတွေ ပြုလုပ်သွားမယ်လို့ AA က ထုတ်ပြန်ပါတယ်။