Home
နိုင်ငံတကာ
ထိုင်ဝမ်ကျောင်းသားများ၏ နေကြာပန်းလှုပ်ရှားမှု ၁၀ နှစ်ပြည့်အထိမ်းအမှတ် ပြုလုပ်
DVB
·
March 21, 2024
Taiwan sunflower protests_21032024

ထိုင်ဝမ်မှာ ကျောင်းသားတွေရဲ့ နေကြာပန်းလှုပ်ရှားမှု ၁၀ နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ် လှုပ်ရှားမှုတွေ ဆောင်ရွက်နေကြပါတယ်။

၂၀၁၄ ခုနှစ် မတ်လမှာ ရာချီတဲ့ လူငယ်ဆန္ဒပြသူတွေဟာ အဲဒီအချိန်က အာဏာရ ကူမင်တန်ပါတီ (KMT) က ကြေညာခဲ့တဲ့ တရုတ်နဲ့ လွတ်လပ်စွာကုန်သွယ်မှု သဘောတူညီချက်ကို ကန့်ကွက်ရင်း ထိုင်ဝမ်လွှတ်တော်ကို ၂၄ ရက်ကြာအောင် သိမ်းပိုက် ဆန္ဒပြခဲ့ကြပါတယ်။

မတ် ၁၈ ရက်ကနေ ဧပြီ ၁၀ ရက်အထိ ၂၄ ရက်တာ ကာလအတွင်း ကျောင်းသားတွေ ဦးဆောင်တဲ့ ဆန္ဒပြမှုဟာ “နေကြာပန်းလှုပ်ရှားမှု” လို့ လူသိများပါတယ်။

ဆန္ဒပြကျောင်းသားတွေဟာ သူတို့သိမ်းပိုက်ထားတဲ့ လွှတ်တော်ထဲကနေ ပြန်ထွက်ဖို့ အစိုးရရဲ့ တောင်းဆိုချက်တွေကို ဖီဆန်ခဲ့ပါတယ်။

ထိုင်ဝမ်အစိုးရရုံးချုပ်ကို သီးခြားအဖွဲ့တဖွဲ့က ဝင်စီးနင်းဖို့ ကြိုးပမ်းခဲ့ရာက လူအများအပြား ဒဏ်ရာရရှိခဲ့ပြီး ရဲတပ်ဖွဲ့နဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပြီးနောက် ဆန္ဒပြပွဲတွေက ပြင်းထန်လာခဲ့ပါတယ်။

နောက်ပိုင်းမှာ သိန်းချီတဲ့လူတွေပါ ပူးပေါင်းဆန္ဒပြခဲ့ကြပြီး လမ်းတွေပေါ်တက်ရင်း သမ္မတရုံးဆီ ချီတက်ခဲ့ကြပါတယ်။

ထိုင်ဝမ်လွှတ်တော်ဥက္ကဋ္ဌ ဝမ်ကျင်းဖျင်က တရုတ်နဲ့ လက်ရှိကုန်သွယ်ရေးသဘောတူညီချက် မအောင်မြင်မီ ကုန်သွယ်ရေးဆိုင်ရာ ကြီးကြပ်ကွပ်ကဲမှု ယန္တရားတခုကို ကတိပြုပြီးတဲ့နောက် ကျောင်းသားဆန္ဒပြသူတွေက ဧပြီ ၇ ရက်မှာ သပိတ်လှန်ခဲ့ကြပါတယ်။

ဆန္ဒပြသူတွေက ဧပြီ ၁၀ ရက်မှာ လွှတ်တော်ကနေ ပြန်ဆုတ်ခွာသွားပေမဲ့ တရုတ်နဲ့ ကုန်သွယ်ရေးသဘောတူစာချုပ်ကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုကို ဆက်လုပ်သွားမယ်လို့ ကတိပြုခဲ့ကြပါတယ်။

ရက်သတ္တပတ်တွေအတွင်း ဆန္ဒပြသူတွေဟာ မျှော်လင့်ချက်ရဲ့ သင်္ကေတဖြစ်တဲ့ နေကြာပန်းတွေကို ကိုင်ဆောင်ရင်း လှုပ်ရှားခဲ့လို့ နေကြာပန်းလှုပ်ရှားမှုလို့ နာမည်တွင်ခဲ့ပါတယ်။

ထိုင်ဝမ်ဈေးကွက်ကို တရုတ်နိုင်ငံအတွက် ပိုဖွင့်ပေးဖို့ တခုတည်းကို ရည်ရွယ်ပြီး ကူမင်တန် အစိုးရက အဆိုပြုတဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မူဘောင်သဘောတူညီချက် (ECFA) ကို သမ္မတ မာရင်ကြူက ကာကွယ်ပြောဆိုခဲ့ပါတယ်။

ထိုင်ဝမ်ရဲ့ အဓိကပို့ကုန်ဈေးကွက်နဲ့ သဘောတူညီချက်က ကျွန်းရဲ့ သာယာဝပြောရေး အတွက် မရှိမဖြစ်လိုတယ်လို့ မာရင်ကြူက ပြောပါတယ်။

ဒါပေမဲ့ ဥပဒေကြမ်းက ဒီမိုကရေစီနည်းကျ ကိုယ်တိုင်အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကျွန်းအပေါ် စိုက်ပျိုးရေးကဏ္ဍနဲ့ အသေးစား စီးပွားရေးလုပ်ငန်းတွေကို ထိခိုက်နိုင်ချေရှိပြီး စီးပွားရေးအရ လွှမ်းမိုးမှု လွန်ကဲနေတာတွေကြောင့် အဲဒီအချိန်က ကျောင်းသားတွေနဲ့ ထိုင်ဝမ်ရဲ့ အဓိက အတိုက်အခံ ဒီမိုကရက်တစ် တိုးတက်ရေးပါတီ (DPP) တို့က ဝေဖန်ခဲ့ကြပါတယ်။

တရုတ်နိုင်ငံက ထိုင်ဝမ်ကို သူတို့ပိုင်တယ်လို့ အခိုင်အမာ ဆိုထားဆဲပါ။ ထိုင်ဝမ်သမ္မတ မာရင်ကြူက ၂၀၀၈ ခုနှစ်မှာ သမ္မတဖြစ်လာပြီးတည်းက တရုတ်နိုင်ငံဟာ ထိုင်ဝမ်ရဲ့ အကြီးဆုံး ကုန်သွယ်ဘက်နိုင်ငံအဖြစ် ဆက်ရှိနေပြီး သယ်ယူပို့ဆောင်ရေးကနေ ခရီးသွားလုပ်ငန်းအထိ အရာအားလုံးအတွက် နှစ်ဖက်သဘောတူညီချက်တချို့ကို နှစ်ဖက်စလုံးက လက်မှတ်ရေးထိုးခဲ့ပါတယ်။

KMT က တရုတ်အမျိုးသားရေးဝါဒီတွေဟာ ပြည်တွင်းစစ်မှာ တရုတ်ပြည်မကြီးက ကွန်မြူနစ်တွေကို ရှုံးနိမ့်ပြီးတဲ့နောက် ၁၉၄၉ ခုနှစ်မှာ ထိုင်ဝမ်ကျွန်းဆီ ထွက်ပြေးခဲ့ကြတာပါ။

အဲဒီနောက် ကျွန်းပေါ်မှာ နှစ်တွေအတွင်း အကြီးမားဆုံးသော တရုတ်ပြည်မကြီး ဆန့်ကျင်ရေး ဆန္ဒပြပွဲ ဖြစ်သွားခဲ့ပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013