ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် နန်းမားဘူတာမှာ ရပ်တန့်ထားတဲ့ မီးရထားတွဲတွေ မတ် ၂၀ ရက် ညနေပိုင်းက မီးလောင်ကျွမ်းခဲ့ကြောင်း ဒေသခံတွေထံက သိရပါတယ်။
မီးလောင်မှုကြောင့် ရထားတွဲ ၃ တွဲပျက်စီးသွားပြီး ဒီတွဲတွေဟာ မန္တလေး-မြစ်ကြီးနား ရထားခရီးစဉ်မှာ ပြေးဆွဲခဲ့ပြီး သုံးနှစ်ကျော်ကြာရပ်နားထားခဲ့တဲ့ တွဲဟောင်းတွေဖြစ်ပါတယ်။
ဒေသခံတဦးက "ရထားတွေက မထွက်တာ ၃ နှစ်ကျော်ပြီ။ နန်းမားဘူတာမှာ ရပ်ထားတဲ့ မီးရထားတွဲ သုံးတွဲ မီးလောင်သွားတယ်။ ရှို့မီးလား ပေါ့ဆမီးလားတော့ တိတိကျကျ မပြောတတ်ဘူး "လို့ ပြောပါတယ်။
နန်းမားဘူတာမှာ ရပ်နားထားတဲ့ မီးရထားတွဲသုံးတွဲဟာ အထက်တန်းတွဲ နှစ်တွဲနဲ့ ရိုးရိုးတန်း တတွဲ ဖြစ်ပါတယ်။
မီးရထားတွဲတွေ မီးလောင်မှုကို ဒေသခံပြည်သူတွေနဲ့ မီးသတ်တပ်ဖွဲ့က ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ပြီး လူတွေကတော့ ထိခိုက် ဒဏ်ရာရ သေဆုံးမှု မရှိခဲ့ပါဘူး။