ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ ပြင်ဖြူမော်ရပ်ကွက်မှာရှိတဲ့ ဂူတာမော်ပိုက်ဆိပ်မှာ မတ် ၂၀ ရက် နေ့လယ် ၁ နာရီလောက်က မီးလောင်မှုဖြစ်ပြီး လူနေအိမ် ၆၀ နီးပါး ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဂူတာမော်ပိုက်ဆိပ်က နေအိမ်တွေ မီးလောင်နေတဲ့အချိန်မှာ ကျောက်ဖြူမြို့မှာရှိတဲ့ မီးသတ်ဌာနကနေ မီးငြှိမ်းသတ်ဖို့အတွက် မီးသတ်ကား သုံးစီးနဲ့ သွားရောက်ခဲ့ပေမဲ့ ကျောက်ဖြူမြို့မှာရှိတဲ့ စစ်ကောင်စီတပ်သားတွေက မီးသတ်ကားတွေကို သွားခွင့်မပြုဘဲနဲ့ တားမြစ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျောက်ဖြူမြို့ခံတဦးက “နေ့ခင်း တနာရီကျော်ကျော်မှာ မီးလောင်နေတာကို မြို့ထဲကနေ တွေ့ရတယ်၊ ဘာကြောင့် လောင်တာလဲတော့ မသိရဘူး။ တချို့ကတော့ ရှို့မီးလို့ ပြောတယ်။ အတိအကျတော့ မသိရသေးဘူး။ နေအိမ်တွေကို မီးသတ်ဖို့သွားတဲ့ မီးသတ်ကားတွေကိုတော့ စစ်ကောင်စီဂိတ်တွေကနေ မသွားခိုင်းဘဲ ပြန်လှည့်ခိုင်းတာတော့ရှိတယ်” လို့ ပြောပါတယ်။
မီးသတ်ကားတွေ မီးလောင်နေတဲ့ နေရာကို သွားရောက်ဖို့အတွက်နဲ့ ပြင်ဖြူမော်ရပ်ကွက်ဥက္ကဋ္ဌနဲ့ ရပ်မိရပ်ဖတွေက စစ်ကောင်စီတပ်သားတွေကို တောင်းပန်ပြီးတော့မှ မီးသတ်ကားတွေကို သွားရောက်ခွင့်ပြုလုပ်တာ ဖြစ်တယ်လို့ သိရပါတယ်။
မီးသတ်ကားတွေ ရောက်ရှိသွားချိန်မှာတော့ မီးငြိမ်းစပြုနေပြီးတော့ ၁ နာရီ မိနစ် ၄၀ ကျော်လောက်မှာ မီးငြိမ်းသွားတယ်လို့ သိရပါတယ်။
ဂူတာမော်ပိုက်ဆိပ်ကို မတ် ၁၈၊ ၁၉ ရက်တွေမှာ ပြင်ဖြူမော်ရပ်ကွက်ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေက နေရာကနေ ဖယ်ရှားခိုင်းထားတာဖြစ်ပြီးတော့ မဖယ်ရင် မီးရှို့ပစ်မယ်လို့ပါ ခြိမ်းခြောက်ဖူးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတဦးက “ဒီပိုက်ဆိပ်ကို စစ်ကြောင်းသင့်တယ်၊ မင်းတို့ အကုန်လုံးဒီကနေ ဖယ်ပေးရမယ်၊ မဖယ်ပေးရင် မီးရှို့လိုက်မယ်၊ အဲဒီကျမှ အပြစ်မဆိုနဲ့ဆိုပြီး ကျနော်တို့ကို ခြိမ်းခြောက်ဖူးတယ်၊ နောက်တရက် ဆိုတာနဲ့ မီးလောင်ပြီ၊ စစ်ကောင်စီလက်ချက် မဟုတ်ရင် ဘယ်သူ့လက်ချက် ဖြစ်မလဲ၊ ကျနော်တို့ ကိုယ့်အိမ် ကိုယ့်ရာတွေ ဆုံးရှုံးရလို့ လုံးဝမကျေနပ်ဘူး”လို့ ပြောပါတယ်။
ဂူတာမော်ပိုက်ဆိပ် မီးလောင်တဲ့ကိစ္စနဲ့ ပတ်သက်လို့ ကျောက်ဖြူမြို့ရဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး အပါအဝင် စစ်ကောင်စီဘက်ကနေ တာဝန်ရှိသူတွေကို ဆက်သွယ် မေးမြန်းခဲ့ပေမဲ့ ဖုန်းလက်ခံ ဖြေကြားခဲ့ခြင်း မရှိသေးပါဘူး။
ကျောက်ဖြူမြို့မှာ လက်ရှိအချိန် တိုက်ပွဲမဖြစ်ပေမဲ့ စစ်ကောင်စီတပ်သားတွေဟာ ကျောက်ဖြူမြို့ အဝင်အထွက်တွေကို လုံခြုံရေး တင်းကျပ်ချထားပြီး ရေကြောင်း၊ ကုန်းကြောင်း၊ လေကြောင်းခရီးစဥ် အားလုံးကို ပိတ်ထားပါတယ်။
ဒါ့အပြင် ကျောက်ဖြူမြို့တွင်းမှာရှိတဲ့ ဒေသခံတွေကို ဖမ်းဆီးနေတဲ့အပြင် အနီးအနားကျေးရွာတွေနဲ့ လမ်းတွေမှာပါ မိုင်းထောင်ထားပါတယ်။
ရခိုင်ပြည်နယ် တိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီဘက်ကနေ ပြည်သူလူထု ပိုင်ဆိုင်တဲ့ နေအိမ်တွေ အပါအဝင်၊ ဈေး၊ ကျောင်း၊ ဆေးရုံ၊ လမ်း၊ တံတားတွေ အပါအဝင် သမိုင်းဆိုင်ရာ ယဥ်ကျေးမှုဆိုင်ရာ အမွေအနှစ်တွေအားလုံးကို ဖျက်ဆီးနေပါတယ်။