Home
မြန်မာသတင်း
စစ်ဖြစ်နေသည့် ကရင်နီဒေသတွင် ရိုးရာဓလေ့ မပျောက်ရန် ရိုးရာရက်ကန်းပညာ သင်ကြားပေး
DVB
·
March 20, 2024
Karenni

ပြည်နယ်တခုလုံး အတိုင်းအတာနဲ့ စစ်ပွဲတွေ ဖြစ်ပွားနေတဲ့ ကရင်နီပြည်နယ်မှာ ရိုးရာရက်ကန်း ရက်လုပ်တဲ့ သက်မွေးမှု အတတ်ပညာကို ရိုးရာဓလေ့အစဉ်အလာ မပျောက်ပျက်စေရေးအတွက် သင်တန်းကျောင်း ဖွင့်လှစ်သင်ကြားပေးနေပါတယ်။

ရိုးရာဓလေ့ ပပျောက်သွားမှာ စိုးရိမ်တာနဲ့ လူငယ်တွေ ရိုးရာရက်ကန်း အတတ်ပညာကို တတ်မြောက်စေချင်တာကြောင့် သင်ကြားပေးနေတာဖြစ်တယ်လို့ ဦးဆောင်သင်ကြားပေးနေတဲ့ ဒေသခံ ကယားအမျိုးသမီးငယ်တဦးက ပြောပါတယ်။

ရိုးရာရက်ကန်း ရက်လုပ်ခြင်းအတတ်ပညာကို သင်ယူတာဟာ ဓလေ့ကို ထိန်းသိမ်းရာရောက်ပြီး နောက်ပိုင်းမှာတော့ ကိုယ်တိုင်ရက်လုပ်ထားတဲ့ ရိုးရာအထည်တွေကို ဆိုင်ခန်းဖွင့်ပြီး ရောင်းချချင်တယ်လို့ ရက်ကန်းပညာသင်ယူနေသူ အမျိုးသမီးတဦးကလည်း သူ့ရဲ့အိပ်မက်နဲ့ အတွေ့အကြုံတွေကို ပြောပြပါတယ်။

ကယားရိုးရာရက်ကန်းရက်တာဟာ မျက်စိနဲ့လက်ကိုအဓိက အသုံးပြုရပြီး ချည်တွေကို တမျှင်ချင်း ကြက်ခြေခတ်ပုံစံ ရက်လုပ်ရတာကြောင့် ပုံမှန်ထက် ပိုခက်ခဲပြီး ရိုးရာလွယ်အိတ်တလုံးကို အနည်းဆုံး သုံးရက်လောက် ရက်လုပ်ရတယ်လို့ ဆိုပါတယ်။

အရင်က ရိုးရာလွယ်အိတ် တလုံးကို ကျပ် ၁၀,၀၀၀ လောက်နဲ့ ရောင်းချခဲ့ပေမဲ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ငွေးကြေးဖောင်းပွတာကြောင့် ကျပ် ၂၅,၀၀၀  အထိ မြင့်တက်လာပေမဲ့ သွားလာရေးခက်ခဲတာတွေ ချည်လုံး၀ယ်ယူရမှု ခက်ခဲတာတွေကြောင့် ရောင်းချခြင်းတော့ မရှိကြတော့ဘူးလို့ ရက်ကန်းရက်လုပ်သူတွေက ပြောပါတယ်။

စစ်ကောင်စီက ဖေဖော်၀ါရီ ၁၀ ရက်မှာ စစ်မှုထမ်းဥပဒေကို  အသက်သွင်းခဲ့တာကြောင့် ကရင်နီဒေသခံ လူငယ်တွေဟာ တော်လှန်ရေးတပ်တွေထဲ ၀င်ရောက်တာတွေနဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံကို သွားရောက် အလုပ်လုပ်ကိုင်ကြပါတယ်။

ဒီအခြေအနေတွေကြောင့် ပြည်နယ်တွင်းမှာ ရိုးရာရက်ကန်းလုပ်ငန်း တတ်မြောက်တဲ့ မျိုးဆက်သစ်တွေ မရှိသလောက် ရှားသွားပြီး နောက်ပိုင်းမှာ ပျောက်ကွယ်သွားနိုင်တာကြောင့် ထိန်းသိမ်းဖို့ လိုအပ်နေပြီလို့  ကရင်နီတိုင်းရင်းသားတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024