Home
နိုင်ငံတကာ
ဆုံးရှုံးခဲ့သည့် နယ်မြေများကို ပြန်သိမ်းပိုက်မည်ဟု ဟေတီဂိုဏ်းခေါင်းဆောင် ကြုံးဝါး
DVB
·
March 20, 2024
Escaped gang leader calls on supporters to retake control of neighbourhood in Port-au-Prince

ဟေတီနိုင်ငံ မြို့တော်ရှိ ပို့တ်အော့ပရင့်စ်ပင်မအကျဉ်းထောင်ကနေ မကြာသေးခင်ကမှ လွတ်မြောက်လာတဲ့ ဂိုဏ်းခေါင်းဆောင်တဦးက သူအဖမ်းခံရပြီးနောက်မှာ ရန်သူ့ဂိုဏ်းဆီ ဆုံးရှုံးခဲ့ရတဲ့ ကားဖောဖေးယ် ကွန်မြူနတီ အသိုက်အဝန်းကို ပြန်လည်သိမ်းပိုက်ကြမယ်လို့ မတ် ၁၉ ရက်က သူ့ထောက်ခံသူတွေကို နှိုးဆော်လိုက်ပါတယ်။

အက်ဇီကီးယဲလ် အလက်ဇန်ဒရေဟာ လူသတ်မှု၊ လက်နက်တွေကို တရားမဝင် လက်ဝယ်ထားရှိမှု၊ မုဒိမ်းမှုနဲ့ လက်နက်ကိုင် ဓားပြတိုက်မှု အပါအဝင် လုပ်ရပ်တွေမှာ ပါဝင်ပတ်သက်မှုနဲ့ ၂၀၂၂ ခုနှစ် ဇွန်လက ကားဖောဖေးယ် နယ်မြေမှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး အခုလ အစောပိုင်းမှာတော့ အမျိုးသားအကျဉ်းထောင်ကနေ ပြန်လွတ်မြောက်ခဲ့တာပါ။

သူ့ကို ဂိုဏ်းခေါင်းဆောင် ဇီ လို့လည်း သိကြပြီး သူဟာ ထွက်ပြေးလွတ်မြောက်သွားတယ်လို့လည်း စွပ်စွဲခံထားရပါတယ်။

သူဟာ ထောင်ကပြန်လွတ်လာပြီး သူ့နယ်မြေဆီ ပြန်လာတာမှာ အလက်ဇန်ဒရေဟာ သူ့ထောက်ခံသူ အများအပြားကို ဦးဆောင်ပြီး ရန်သူဂိုဏ်း တီလက်ပ်လီက သိမ်းပိုက်ထားတဲ့ သူတို့ရဲ့နေအိမ်တွေဆီ ပြန်သွားနေကြပါတယ်။

အဲဒီဒေသဟာ ဖျက်ဆီးခံထားရပြီး လက်နက်ကိုင်ဂိုဏ်းတွေက အဲဒီဒေသမှာရှိတဲ့ အကြီးဆုံးဆေးရုံအပြင် စာသင်ကျောင်းတွေနဲ့ တခြားအဖွဲ့အစည်းတွေကိုလည်း ဖျက်ဆီးသွားခဲ့တယ်လို့ ဂိုဏ်းခေါင်းဆောင် ဇီ က ပြောပါတယ်။

သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေအပြင် လူတွေကို သူတို့နေရပ် သူတို့ပြန်နိုင်ဖို့အတွက် ကူညီပေးသွားမှာဖြစ်ပြီး တရက်တည်းနဲ့ လုပ်ရတာ မလွယ်ပေမဲ့ ပြည်သူတွေရဲ့ ပံ့ပိုးမှုနဲ့ တတ်နိုင်သမျှ လုပ်ဆောင်သွားမယ်လို့ သူကဆိုပါတယ်။

အဲဒီဒေသကို သွားရောက်လေ့လာပြီးတဲ့နောက်မှာ ခိုလှုံရေးစခန်းတွေမှာ အိပ်နေရတဲ့ ပြည်သူတွေက သူတို့အိမ်တွေကို ပြန်ပြင်ဖို့ နေရပ်ပြန်ရမယ်ဆိုတာ သိရှိကြတယ်လို့ ဂိုဏ်းခေါင်းဆောင် ဇီ က ပြောပါတယ်။

ကားဖောဖေးယ် ကွန်မြူနတီမှာ သုတ်သင်ရှင်းလင်းခဲ့ပေမဲ့ ကိစ္စတွေကို အတင်းအကျပ် လုပ်ဆောင်လို့မရဘဲ တွေ့ဆုံဆွေးနွေးမှုမှတဆင့် ကွန်မြူနတီကို ပျက်ပြားအောင် လုပ်တဲ့လူတွေနဲ့ စကားပြောရမယ်လို့လည်း ဆိုပါတယ်။

ရန်သူဂိုဏ်းခေါင်းဆောင်ကလည်း အင်တာနက်သုံးတော့ လူထုရဲ့ ဆင်းရဲဒုက္ခကို မြင်တွေ့နေပြီး ပြည်သူတွေ အိမ်ပြန်နိုင်စေဖို့အတွက် သူတို့ အဲဒီနေရာကနေ ထွက်သွားရမယ် လို့ ဂိုဏ်းခေါင်းဆောင် ဇီ က ပြောပါတယ်။

ဟေတီဝန်ကြီးချုပ် အေရီယယ် ဟင်နရီကတော့ နိုင်ငံမှာ မတူညီတဲ့ နိုင်ငံရေးနဲ့ လူမှုရေး အသိုင်းအဝိုင်းတွေက မဲပေးသူ ခုနှစ်ဦး၊ လေ့လာသူ နှစ်ဦးတို့နဲ့ ဖွဲ့စည်းထားတဲ့ ကောင်စီကနေ နုတ်​ထွက်​တော့မှာဖြစ်ကြောင်း ပြီးခဲ့တဲ့သီတင်းပတ်က ကြေညာခဲ့ပါတယ်။

တချိန်တည်းမှာပဲ မြို့တော်မှာလည်း လတ်လတ်ဆတ်ဆတ် တိုက်ခိုက်မှုတွေ ဖြစ်ပွားနေပြီး အလုံးစုံ ယိုယွင်းနေပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013