Home
မြန်မာသတင်း
မြိတ်မြို့တွင် စစ်မှုထမ်း မဲပေါက်တဲ့သူများကို ချက်ချင်းဆင့်ခေါ်နေ
DVB
·
March 20, 2024
myeik 2032024

တနင်္သာရီတိုင်း၊ မြိတ်မြို့၊ မြိတ်တောင်နယ်မြေမှာ ရပ်ကွက်အတွင်း စစ်မှုထမ်းဖို့ မဲနှိုက်ပြီး မဲပေါက်တဲ့ လူတွေကို စစ်ကောင်စီလက်အောက်ခံရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက  ချက်ချင်းဆင့်ခေါ်နေကြောင်း မြို့ခံတွေက DVB ကို ပြောပါတယ်။

မြိတ်တောင်နယ်မြေရှိ ရာပြည့်ရပ်ကွက်ထဲက မဲနှိုက်ဖို့ ရွေးချယ်ခံရတဲ့နေအိမ် ၁၁ အိမ်ကို ရပ်ကွက်ရာအိမ်မှူးတွေက ခေါ်ယူကာ မဲနှိုက်ခိုင်းပြီး မဲပေါက်တဲ့သူကို ချက်ချင်းဆင့်ခေါ်နေတယ်လို့ ရပ်ကွက်နေပြည်သူတယောက်က ပြောပါတယ်။

“မနေ့က စောစော ၉ နာရီလောက်ကလည်း ရွှေပြည်တန် ဓမ္မာရုံမှာ မဲသွားနှိုက်ရတယ်။ သားမရှိလို့ အမေက မဲနှိုက်တာ သူ့မှာ မဲပေါက်သွားတာ။ သူ့သားက အလုပ်သွားတာကို ပြန်လာရင် ပို့ပေးရမယ်တဲ့။ မဲလိပ်က ၁၁ လိပ်ပဲရှိတယ်တဲ့။ မဲက တယောက်ပဲ ပေါက်တယ်။ ကိုယ်တိုင်နှိုက်ရတယ်တဲ့။ အရင်ဆုံးရပ်ကွက်တွေမှာရှိတဲ့ ရာအိမ်မှူးတွေ မဲနှိုက်ရတယ်။ မဲပေါက်တဲ့ ရာအိမ်မှူးကို သူ့ရပ်ကွက်မှာ မဲနှိုက်ခိုင်းတယ်။” 

မြိတ်မြို့မှာ စစ်မှုထမ်းဆင့်ခေါ်ဖို့အတွက် အိမ်ထောင်စုစာရင်းတွေကို လိုက်လံကောက်ယူခဲ့ပြီးနောက် လူငယ်တွေကြား စိုးရိမ်မှုမြင့်မားလာကြပြီး မဲနှိုက်တာစတင်ပြီးရက်ပိုင်းအတွင်းမှာပဲ မြို့ပေါ် ရပ်ကွက်တွေမှာ လူငယ်တွေနည်းပါးလာပြီး အရောင်းအဝယ်တချို့တောင် ပါးလာတယ်လို့ ကုန်မာဆိုင်ရောင်းသူတယောက်က ပြောပါတယ်။

"ကုန်စျေးနှုန်းတွေလည်း တအားတက်လာနေတော့ အရောင်းအဝယ်လည်း ပါးနေတယ်။ လမ်းမှာ လူလည်း သိပ်မရှိတော့ဘူးလေ။ အိမ်မှာ မရောင်းရတဲ့ ရက်ဆိုလည်း ချွေတာပြီး သုံးနေရတယ်။ တခြားဆိုင်တွေမှာလည်း ရောင်းအားတွေ ပါးနေကြတယ်တဲ့။”

မြိတ်မြို့နယ်ထဲက ကျေးရွာတချို့မှာလည်း စစ်ကောင်စီလက်အောက်ခံ ရပ်ရွာအုပ်ချုပ်ရေးမှူးတွေကနေ စစ်မှူးထမ်းဥပဒေအကြောင်းပြကာ ငွေညစ်တောင်းခံတာတွေ လုပ်ဆောင်နေပြီး မဲစာရင်းမှာပါဝင်တဲ့ လူငယ်အများအပြားမှာလည်း ကျေးရွာတွေကနေ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013