Home
မြန်မာသတင်း
ရန်ကုန်ရှိ ရခိုင်ပြည်သူများကို စစ်ကောင်စီက ခရီးသွားလာခွင့် ပိတ်ပင်
DVB
·
March 19, 2024
AungMingalarHighWay_19032024

ရခိုင်ပြည်နယ်အတွင်း ထုတ်ပေးတဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြား ၁၁ မျဉ်းစောင်း မှတ်ပုံတင် ကိုင်ဆောင်တဲ့ ရခိုင်ပြည်သူတွေကို ခရီးသွားလာခွင့် ကန့်သတ်လိုက်တယ်လို့ ရန်ကုန်မြို့ရှိ ခရီးသွားအေဂျင်စီတွေဆီက သိရပါတယ်။

ရန်ကုန်မြို့မှာရှိတဲ့ ခရီးသွားအေဂျင်စီတွေ၊ ကားလက်မှတ်အရောင်းဌာနတွေကို ရခိုင်ပြည်နယ်မှာ နိုင်ငံသားတွေကို ထုတ်ပေးတဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြား ၁၁ မျဥ်းစောင်း မှတ်ပုံတင် ကိုင်ဆောင်သူတွေကို ခရီးသွားလာခွင့်မပြုဖို့ သတိပေးစာ ပေးလာတယ်လို့ ရန်ကုန်မြို့ရှိ ကားလက်မှတ်အရောင်းဌာနတခုမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

“မတ်လ ၁၈ ရက်နေ့ နေ့လယ်ပိုင်းလောက်မှာ ၁၁ မျဉ်းစောင်း မှတ်ပုံတင် ကိုင်ဆောင်သူတွေကို လက်မှတ် လုံးဝမရောင်းကြဖို့ သတိပေးစာတွေ စစ်ကောင်စီဘက်က လာပေးသွားတယ်။ တခြားမျဉ်းစောင်းကိုင်ဆောင်သူတွေကိုတော့ မှတ်ပုံတင်၊ အလုပ်ခေါ်စာ၊ ရဲထောက်ခံစာနဲ့ ရပ်ကွက်ထောက်ခံစာတွေနဲ့ ခရီးသွားထောက်ခံစာ ပါရင် သွားခွင့်ရတယ်။”

ရန်ကုန်မြို့မှာ အခြေချနေထိုင်တဲ့ ရခိုင်လူမျိုးတွေနဲ့ ရခိုင်ပြည်နယ်မှာ စစ်ပွဲတွေကြောင့် တိမ်းရှောင်နေကြရတဲ့ ရခိုင်ပြည်သူ သိန်းနဲ့ချီပြီး ရှိနိုင်တယ်လို့ ရန်ကုန်အခြေစိုက် ရခိုင်အရပ်ဘက် အဖွဲ့အစည်းတွေဆီက သိရပါတယ်။

ရန်ကုန်ရောက် ရခိုင်လူမျိုးတွေကို စစ်ကောင်စီဘက်က ခရီးသွားလာခွင့် ကန့်သတ်လိုက်တာက ရခိုင်လူမျိုးတွေကို တမင်ရည်ရွယ်ပြီး ဖိနှိပ်တာလို့ ရန်ကုန်မှာရောက်နေတဲ့ ရခိုင်လူမျိုး အမျိုးသမီးတဦးက ပြောပါတယ်။

“ရန်ကုန်ရောက် ရခိုင်တွေကို ခရီးသွားလာခွင့် ကန့်သတ်လိုက်တယ် ဆိုတာကလည်း ကျမတို့ စုံစမ်းရသလောက် အတည်ပြုလို့ရတယ်။ စစ်ကောင်စီက ရခိုင်လူမျိုးတွေကို သီးသန့်ပြီး အခုလို ကန့်သတ်လိုက်တာက ရခိုင်လူမျိုးတွေကို သီးသန့်ရွေးချယ်ပြီးတော့ ဖိနှိပ်နေတာ ဖြစ်တာ။ စစ်ကောင်စီဟာ စစ်ရေး၊ နိုင်ငံရေးအရ ရခိုင်ပြည်မှာ အဘက်ဘက် ရှုံးနိမ့်လာတာကြောင့် ပြည်မရောက် ရခိုင်လူမျိုးတွေကို တမင်ဖိနှိပ်ဖို့ ကြိုးပမ်းလာတာ ဖြစ်တယ်။”

ရခိုင်ပြည်နယ်မှာ တကျော့ပြန်တိုက်ပွဲ စတင်ဖြစ်ပွားတဲ့ နိုဝင်ဘာ ၁၃ ရက်ကစပြီး ရခိုင်ပြည်တွင်း မြို့နယ်တိုင်းကို စစ်ကောင်စီဘက်က ကုန်းလမ်း၊ ရေလမ်းတွေ ပိတ်ဆို့ထားပြီး ကုန်စည်းစီးဆင်းမှုကိုလည်း ဖြတ်တောက်ထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီက ပြဋ္ဌာန်းလိုက်တဲ့ စစ်မှုထမ်းဥပဒေကြောင့် ပြည်မကနေ နေရပ်ပြန်လာကြတဲ့ ရာနဲ့ချီတဲ့ ရခိုင်လူမျိုးတွေကိုလည်း ရန်ကုန်၊ စစ်တွေ၊ ကျောက်ဖြူ လေဆိပ်တွေမှာ စစ်ကောင်စီဘက်က ဖမ်းဆီးထိန်းသိမ်းထားမှုတွေ ရှိခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013