Home
မြန်မာသတင်း
ပင်လောင်း စစ်တပ်စခန်း ၁ ခု သိမ်းပိုက်ခံရ၊ ဘုတလင် ရဲစခန်းနှင့် မြဝတီခန်းမကို PDF က ဗုံးသီးချ တိုက်ခိုက်
DVB
·
March 19, 2024
ChindwinBrothers_19032024
Ping Long_19032024

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းရွာအခြေစိုက် စစ်ကောင်စီတပ် စခန်းတခုကို ကာကွယ်ရေးတပ်ဖွဲ့တွေက မတ် ၁၈ ရက်မှာ သိမ်းပိုက်ရရှိတယ်လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။

မတ် ၁၇ ရက် မနက်အစောပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေခဲ့ပြီး လက်ရှိအချိန်မှာတော့ စခန်းငယ်တခုကို သိမ်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

“စစ်ရေးအတိအကျတော့ ပြောလို့မရသေးပါဘူး။ စခန်းကတော့ ဆောင်းပြောင်းအခြေစိုက် စစ်ကောင်စီ တပ်စခန်းပေါ့။ ပြည်သူထိခိုက်မှုတော့ မရှိပါဘူး။ ကြိုတင်ရှောင်ရှားခိုင်းထားတော့လေ။ လေယာဥ်နဲ့ လာချတာတွေလည်းရှိတယ်”လို့ ​ မြေပြင် သတင်းရင်းမြစ်က ပြောပါတယ်။

စစ်ကောင်စီတပ်ဘက်ကနေ စစ်ကြောင်းထိုးတာတွေ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာနဲ့ မြေပြင်စစ်ကြောင်းထိုးတာတွေ ပြုလုပ်လာနိုင်တယ်လို့ ဆိုပါတယ်။

ထိတွေ့တိုက်ပွဲတွေအတွင်း နှစ်ဖက် အထိအခိုက် အကျအဆုံးရှိမှုနဲ့ တိုက်ပွဲအခြေအနေတွေကိုတော့ တပ်ရင်းတပ်ဖွဲ့တွေက ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။

ပြည်သူတွေအနေနဲ့ နောင်ဝိုး၊ နမ်းဖောမူ၊ ဗန်းမောက်၊ ဆောင်းပြောင်း၊ ပီကင်းရှိ ကုန်းလမ်းတွေနဲ့ အနီးနားက ရေကြောင်းလမ်းတွေကိုပါ အသုံးပြု သွားလာခြင်းမပြုကြဖို့ ကာကွယ်ရေးတပ်ဖွဲ့တွေက မတ် ၁၆ ရက်မှာ အသိပေးထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့‌ မြိုမရဲစခန်းနဲ့ မြဝတီခန်းမကို ကာကွယ်ရေးတပ်က မတ် ၁၇ ရက် မွန်းတည့် ၁၂ နာရီကျော်လောက်မှာ ဗုံးသီးချ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ ကာကွယ်ရေးခေါင်းဆောင်တွေဆီက သိရပါတယ်။

ဘုတလင်ရဲစခန်းနဲ့ မြဝတီခန်းမက စစ်ကောင်စီတပ်သားတွေဟာ ပြည်သူပေါ် အနိုင်ကျင့် ဖမ်းဆီး ငွေတောင်းရမ်းတာတွေ နေ့စဉ် ပြုလုပ်တဲ့အတွက် အခုလို တိုက်ခိုက်ရတာလို့ ဆိုပါတယ်။

“ဗုံးသီးက ၁၁ လုံးချခဲ့တာပါ။ ပစ်မှတ်ကို တန်းတန်းမတ်မတ်ကို ချနိုင်ခဲ့တယ်။ စစ်ကောင်စီဘက်က ရဲစခန်းထဲက ရဲသုံးယောက် သေဆုံးပြီး ဒဏ်ရာအများအပြားရတယ်လို့ ဖရဲသီးဆီကနေ သိထားရတယ်။ စစ်ကောင်စီတပ်က ဒရုန်းကို လက်နက်ငယ်များနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမဲ့ ထိခိုက်ပျက်စီးမှု မရှိခဲ့ဘူး” လို့ ဘုတလင် ပြည်သူကာကွယ်ရေးနင်ဂျာ တာဝန်ရှိသူက ပြောပါတယ်။

ဒေသခံကာကွယ်ရေးခေါင်းဆောင်တွေကတော့ ဘုတလင်‌မြို့ပေါ်က စစ်ကောင်စီ အထိုင်ချစခန်း တွေကို အကြိမ်ကြိမ် ဒရုန်းယာဉ်နဲ့ ဗုံးသီးချတိုက်ခိုက်ပြီး စစ်ကောင်စီဘက်က သေဆုံးသူတွေလည်း ရှိတယ်လို့ ပြောကြပေမဲ့ စစ်ကောင်စီဘက်က ထုတ်ပြန်တာမရှိသေးသလို DVB ကလည်း သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒီနေ့ တိုက်ခိုက်မှုကို နက်ဂျာအဖွဲ၊ မုံရွာခရိုင်တပ်ရင်း ၂၄ ခွဲ ၃ တိမ်တမာန်လေကြောင်းစစ်ဆင်ရေး၊ Chindwin brotherနဲ့အုပ်ကြီးအဖွဲ့တို ပူးတွဲ စစ်ရေးဖော်ဆောင်ခဲ့တာလို့လည်းသိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013