ကိုလံဘီယာ ရဲတပ်ဖွဲ့ဟာ နော်တဲဒီဆန်တန်ဒါပြည်နယ်မှာ တရားမဝင် သန့်စင်တဲ့ စက်ရုံတွေကို ဝင်ရောက်စီးနင်းရာက ရေနံစိမ်း ဂါလန် ၇ သန်းကျော် သိမ်းဆည်းရမိခဲ့ကြောင်း မတ် ၁၈ ရက်မှာ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ကိုကင်းထုတ်လုပ်မှုမှာ အဓိကပါဝင်ပစ္စည်းဖြစ်တဲ့ အဲဒီလောင်စာတွေဟာ ရာဇဝတ်ဂိုဏ်းတွေက ရေနံစိမ်းတွေကို ပိုက်လိုင်းတွေကနေ ခိုးယူလာပြီးတော့ သန့်စင်ထားတာ ဖြစ်ပါတယ်။
အဲဒီလောင်စာကို ဓာတ်ဆီ သို့မဟုတ် ဒီဇယ်နဲ့ရောပြီး တရားမဝင် သတ္တုတူးဖော်ရေး လုပ်ငန်းတွေမှာ စက်ယန္တရားတွေကို လည်ပတ်ရာမှာ အသုံးပြုနိုင်ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
အဲဒီစစ်ဆင်ရေးကို ကိုလံဘီယာနိုင်ငံနဲ့ ဗင်နီဇွဲလားနယ်စပ်အနီး နော်တဲဒီဆန်တန်ဒါ ပြည်နယ်ရှိ တီဘူးနယ်မြေမှာ လုပ်ဆောင်ခဲ့တာပါ။
ရဲတပ်ဖွဲ့ဟာ ဟိုက်ဒရိုကာဗွန်တွေကို သိုလှောင်ဖို့အတွက် အသုံးပြုတဲ့ ရေကန် ၁၃ လုံးကို ထိန်းသိမ်းခဲ့ပြီး ယာယီသန့်စင်တဲ ၅ ခု၊ သိုလှောင်ကန် ၁၇ ခုနဲ့ သန့်စင်ပြီး ဟိုက်ဒရိုကာဗွန် ဂါလန်ပေါင်း ၄,၂၅၀ တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီစစ်ဆင်ရေးတွေနဲ့အတူ ရေနံယိုဖိတ်မှုကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှု ဖြစ်ရခြင်းနဲ့ ကာညို့ လီမိုန် ကိုးဗေးနပ်စ် ပိုက်လိုင်းမှာ ရေနံစိမ်းခိုးထုတ်ဖို့ တရားမဝင် အဆို့ရှင် တပ်ဆင်တာတွေကို သိသိသာသာ လျော့ကျသွားတယ်လို့ ကိုလံဘီယာရဲ့ ကျေးလက် ကာနာဘီနဲရိုစ် ရဲတပ်ဖွဲ့ ဒါရိုက်တာ၊ ဗိုလ်မှူးကြီး ဝီလျံ ကတ်စတာနိုက ပြောပါတယ်။
ဒီစစ်ဆင်ရေးတွေကြောင့် တရားမဝင် လုပ်ဆောင်မှုတွေကနေ အကျိုးအမြတ်ရနေကြတဲ့ ရာဇဝတ်ကောင် အုပ်စုပေါင်းစုံရဲ့ စီးပွားရေးအပေါ် တိုက်ရိုက်သက်ရောက်သွားတယ်လို့လည်း ဆိုပါတယ်။
စိမ်းပြာရောင်ကြောင့် ပါတက်ဂရစ်လို သို့မဟုတ် ပုရစ်ရဲ့ခြေထောက်လို့ လူသိများတဲ့ အရက်ပုန်း လောင်စာထုတ်လုပ်မှုဟာ ကိုလံဘီယာမှာ နေ့စဉ် ရေနံစည်ပေါင်း ထောင်နဲ့ချီ ခိုးယူနေမှုရဲ့ အဓိကပြဿနာလည်း ဖြစ်ပါတယ်။
Source/Photo-Reuters