Home
မြန်မာသတင်း
စစ်ကောင်စီက ပြည်သူများကို ခရီးသွားလာခွင့် တင်းကျပ်
DVB
·
March 19, 2024
travel 1932024

နိုင်ငံတဝန်းရှိ စစ်မှုထမ်းဥပဒေနဲ့ အကျုံးဝင်တဲ့ ပြည်သူတွေ ခရီးသွားလာခွင့်ကို စစ်ကောင်စီက တင်းကျပ်လိုက်တယ်လို့ ယာဉ်လိုင်းပိုင်ရှင်တွေဆီက သိရပါတယ်။

မတ် ၁၈ ရက်မှစတင်ပြီး အဝေးပြေးဂိတ်တွေမှာ ယာဉ်လက်မှတ်အရောင်းဌာနတွေကို စစ်ကောင်စီက မှတ်ပုံတင်နဲ့ စမတ်ကတ်အပြင် အလုပ်ခေါ်စာ၊ ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာ၊ ခရီးသွားမယ့်မြို့နယ်မှ ထောက်ခံချက်နဲ့ ဖုန်းနံပါတ် ပြည့်စုံစွာပါမှ ယာဉ်လက်မှတ်ရောင်းချဖို့ အကြောင်းကြားစာ ပို့ထားတယ်လို့ ဆိုပါတယ်။

ယာဉ်လိုင်းပိုင်ရှင်တဦးက  “အခုလိုဆိုရင် ယာဉ်လိုင်းအားလုံး ပိတ်ရဖို့ရှိတယ်။ အာဏာသိမ်းပြီးကတည်းက ယာဉ်လိုင်း ထက်ဝက်လောက်က ရပ်နားထားရတာ။ မှတ်ပုံတင်လောက်နဲ့ဆိုရင် တော်သေးတယ်၊ အခုလိုအချက်အလက်အစုံနဲ့ကျ အဆင်မပြေနိုင်ဘူး"  လို့ ပြောပါတယ်။

အခုလို ခရီးသွားလာခွင့် တင်းကျပ်လိုက်တာက စစ်မှုထမ်းဥပဒေကြောင့် လူငယ်၊ လူလတ်ပိုင်းအများစု တော်လှန်ရေးတပ်ဖွဲ့ထဲ ဝင်ရောက်သွားတာနဲ့ နယ်စပ်မြို့တွေကို ထွက်ခွာနေကြတာကြောင့် ယာဉ်လိုင်းတွေကို တင်းကျပ်လိုက်တာလို့ ဆိုပါတယ်။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း စက်သုံးဆီဈေးနှုန်း အဆမတန်မြင့်တက်မှုနဲ့ အဝေးပြေးလမ်းမကြီးပေါ်ရှိ စစ်ဆေးရေးဂိတ်တွေမှာ ဆပ်ကြေးပေးဆောင်ရတာတွေကြောင့် ယာဉ်လိုင်းအများစု ရပ်နားထားခဲ့ရပြီး အခုအကြိမ် တင်းကျပ်လိုက်တာက အဝေးပြေးယာဉ်အားလုံး ရပ်သွားနိုင်တယ်လို့ သိရပါတယ်။

ခရီးသွားပြည်သူတဦးက “ရပ်ကွက်ထောက်ခံစာနဲ့ ရဲစခန်းထောက်ခံစာက လွယ်လွယ်လုပ်မပေးတော့ဘူး။ စမတ်ကတ်ဆိုတာကလည်း လူတိုင်းမရကြသေးဘူး။ အထောက်အထား ပြည့်စုံအောင်မပြနိုင်ရင် ဂိတ်က လက်မှတ်ရောင်းမပေးတော့ ခရီးသွားဖို့က အဆင်မပြေတော့ဘူး” လို့ DVB ကို ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013