Home
နိုင်ငံတကာ
ဟေတီ အသွင်ကူးပြောင်းရေးကောင်စီအဖွဲ့ဝင်များ ရွေးချယ်ခန့်အပ်မည်
DVB
·
March 19, 2024
HatiTransition_19032024

ဟေတီနိုင်ငံရေးမှာ ပါဝင်ပတ်သက်သူတွေဟာ ဟေတီအသွင်ကူးပြောင်းရေးကောင်စီ အဖွဲ့ဝင် ရွေးချယ်ခန့်အပ်ရေး အပြီးသတ်ဖို့ အလွန်နီးစပ်နေပြီး ကာရေဘီယံအသိုက်အဝန်း (CARICOM) ခေါင်းဆောင်တွေနဲ့ ဆက်ပြီး တက်တက်ကြွကြွ ဆွေးနွေးနေတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဌာန လက်ထောက်ပြောရေးဆိုခွင့်ရှိသူ ဗီဒန် ပတေးလ်က မတ် ၁၈ ရက်မှာ ပြောပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာနက အသွင်ကူးပြောင်းရေးကောင်စီမှာ နောက်ဆုံးအခြေအနေ အသစ်တရပ် ဒီနေ့ မတ် ၁၉ ရက်နေ့ အမြန်ဆုံးရဖို့ မျှော်လင့်ထားတယ်လို့လည်း ပတေးလ်က ပြောပါတယ်။

ဟေတီဝန်ကြီးချုပ် အေရီရယ် ဟင်နရီက လူ့အဖွဲ့အစည်းရဲ့ မတူတဲ့ နိုင်ငံရေးညွန့်ပေါင်းအဖွဲ့တွေနဲ့ ကဏ္ဍအသီးသီးကနေ မဲပေးရွေးချယ်ထားသူ ခုနှစ်ဦးနဲ့ လေ့လာသူနှစ်ဦးပါတဲ့ အသွင်ကူးပြောင်းရေးကောင်စီကို ဖွဲ့စည်းပြီးတာနဲ့ တပြိုင်နက် ရာထူးကနေ နုတ်ထွက်မယ်လို့ အရင်အပတ်က ကြေညာခဲ့ပါတယ်။

အစိုးရသစ် ကြေညာချက် နှောင့်နှေးနေချိန် ဟေတီနိုင်ငံတွင်းမှာ တင်းမာမှုတွေ ဆက်ဖြစ်နေပြီး ဟေတီမြို့တော် ဆင်ခြေဖုံးက ပေကျွန်းဗေးလ် ရပ်ကွက်ထဲကနေ ရုပ်အလောင်း ၁၀ လောင်းကျော်ကို လူနာတင်ယာဉ်နဲ့ မတ် ၁၈ ရက်က ဖယ်ရှားခဲ့ရတယ်လို့ မျက်မြင်သက်သေတဦးက ပြောပါတယ်။

မနက်အစောပိုင်းက ပစ်သတ်ခံခဲ့ရတဲ့ အလောင်းတွေကို ဆင်ခြေဖုံးရပ်ကွက်ဆီ ဦးတည်ထားတဲ့ ဓာတ်ဆီဆိုင်အပြင်ဘက်က လမ်းမကြီးတွေပေါ်ကနေ ဖယ်ရှားခဲ့ရတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။ အသေးစိတ်ကိုတော့ အာဏာပိုင်တွေက မပြောသေးပါဘူး။

မကြာသေးမီရက်တွေအတွင်း ကုလသမဂ္ဂ၊ အမေရိကန်နဲ့ ကနေဒါသံရုံးတွေက ဝန်ထမ်းတွေကို ရုပ်သိမ်းခဲ့ရပြီး နိုင်ငံရေးအရ ကမောက်ကမ ဖြစ်နေချိန်မှာ ခုလို အကြမ်းဖက်မှုတွေ ပေါ်ပေါက်နေတာပါ။

ပြီးခဲ့တဲ့ သီတင်းပတ်နှောင်းပိုင်းက အကျဉ်းထောင်တွေမှာ မီးလောင်မှုနဲ့ အမျိုးသားရဲချုပ်ရဲ့ နေအိမ်ကို မီးရှို့မှု အပါအဝင် တိုက်ခိုက်မှုအသစ်တွေ ဖြစ်ပွားခဲ့ပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013