Home
မြန်မာသတင်း
EPS-Topikစာမေးပွဲ မှတ်ပုံတင်ကြေး အမေရိကန် ၁ ဒေါ်လာ ၃၈၀၀ ကျပ်နှုန်းဖြင့် စျေးဖြတ်
DVB
·
March 19, 2024
eps 1932024

ကိုရီးယားအလုပ်အကိုင်အတွက် အရည်အချင်းစစ်စာမေးပွဲ (EPS-Topik) ဝင်ရောက်ဖြေဆိုမယ့် သူတွေအနေနဲ့ ဒီနေ့ကစပြီး စာမေးပွဲမှတ်ပုံတင်ကြေးပေးသွင်းရပြီး ကျပ်ငွေနဲ့ပေးသွင်းသူတွေကို ၁ ဒေါ်လာကို ၃၈၀၀ ကျပ်နှုန်းနဲ့ စျေးဖြတ်သွင်းရတယ်လို့ ကိုယ်တိုင်ကြုံခဲ့ရသူတွေဆီက သိရပါတယ်။

အဲဒီစာမေးပွဲဖြေဆိုမယ့်သူတွေအနေနဲ့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA) ဆီ စာမေးပွဲမှတ်ပုံတင်ကြေး တဦးကို ၂၈ ဒေါ်လာပေးသွင်းရမှာဖြစ်ပြီး ကျပ်ငွေနဲ့လည်း ပေးသွင်းခွင့်ပေးထားပါတယ်။

ကိုယ်တိုင်ငွေသွင်းခဲ့သူတယောက်က “ဒီနေ့က တဒေါ်လာ ၃၈၀၀ ကျပ်နဲ့ စျေးဖြတ်ပေးတာ။ နောက်ရက်တွေကြတော့ ဘယ်လောက်ဖြစ်မယ်မသိဘူး။ တော်တော်များများ ဒေါ်လာလဲရတာ အလုပ်ရှုပ်တာရော၊ ပြန်အမ်းငွေမရမှာစိုးလို့ မြန်မာငွေနဲ့ပဲသွင်းကြတယ်” လို့ ပြောပါတယ်။

ဒီနေ့ ပြင်ပဒေါ်လာပေါက်စျေးဟာ ၃၇၀၀ ကျပ်ဝန်းကျင်ရှိတာကြောင့် စာမေးပွဲမှတ်ပုံတင်ကြေး ပေးသွင်းရတဲ့ ငွေက ကျပ် ၁၀၀ နီးပါး ကွာဟနေတယ်လို့လည်း ငွေသွင်းခဲ့သူတချို့က ဆိုပါတယ်။

EPS-Topik စာမေးပွဲရဲ့ ဝန်ဆောင်မူလုပ်ငန်းအတွက် ဝင်ရောက်ဖြေဆိုမယ့် အမျိုးသမီးတွေက ဒီနေ့ (မတ် ၁၉) မှာ အရင်းဆုံးစာမေးပွဲကြေးပေးသွင်းကြရတာဖြစ်ပြီး ငွေသွင်းဖို့ ရောက်ရှိသူဦးရေ ၅၀၀၀ နီးပါးရှိတယ်လို့ ကိုယ်တိုင်ရောက်ရှိခဲ့သူတွေဆီက သိရပါတယ်။

ငွေပေးသွင်းမယ့်သူ အများစုဟာ မနက် ၄ နာရီလောက်ကတည်းက ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ ပင်လုံခန်းမရှေ့မှာ တန်းစီစောင့်ဆိုင်းနေခဲ့ကြတာလို့ ဆိုပါတယ်။

ကိုယ်တိုင်သွားရောက်ခဲ့တဲ့ အမျိုးသမီးယောက်က “ဖောင်ဖြည့်ငွေသွင်းဖို့ဆိုရင် သုံးနာရီလောက်စောင့်ရတယ်။ ဒါတောင် မနက် လေးနာရီလောက်ကတည်းက ကြိုတန်းစီထားလို့” လို့ပြောပါတယ်။

မတ် ၂၀ ရက်မှာ ဝန်ဆောင်မူလုပ်ငန်းအတွက် စာမေးပွဲဖြေမယ့် အမျိုးသားတွေနဲ့ ကျန်လုပ်ငန်းတွေအတွက် ဖြေဆိုကြမယ့် ငွေသွင်း Payment နံပါတ် ၀၁၉၆၀ အထိ ရရှိထားသူတွေ ဆက်ပြီးငွေသွင်းလက်ခံမှာလို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA) က ကြေညာထားပါတယ်။

ဆက်လက်ပြီး ဧပြီ ၅ ရက်အထိ POEA က ရက်အလိုက်​ ငွေသွင်းဖို့ ကြေညာထားတဲ့ Payment နံပါတ်အလိုက် လက်ခံသွားမယ်လို့ ဆိုပါ​တယ်။

အဲဒီ EPS-Topik စာမေးပွဲကို ဖြေဆိုဖို့ လျှောက်ထားသူဦးရေဟာ Payment စာရင်းအရ ၇၅,၀၀၀ နီးပါးရှိပြီး အရင်နှစ်တွေကထက် နှစ်ဆလောက် တိုးလာတာပါ။

တောင်ကိုရီးယားနိုင်ငံကို သွားရောက်လုပ်ကိုင်မယ့်သူတွေဟာ EPS-Topik စာမေးပွဲအောင်မြင်ထားဖို့ လိုတာကြောင့် ဝင်ရောက်ဖြေဆိုမယ့်သူ နှစ်စဥ်မြင့်တက်နေတာလို့ အဲဒီလုပ်ငန်းနဲ့နီးစပ်သူတွေက ဆိုပါတယ်။

အဲဒီ စာမေးပွဲကို လုပ်ငန်းအမျိုးအစားအလိုက် ဧပြီနောက်ဆုံးအပတ်ကနေ စက်တင်ဘာလလယ်အထိ ကျင်းပသွားမယ်လို့ POEA က ကြေညာထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013