ကျူးဘားက ဆန္ဒပြမှုတွေရဲ့ နောက်ကွယ်မှာ အမေရိကန်ပြည်ထောင်စု မရှိကြောင်း၊ ဒါတွေကို ဝါရှင်တန်က ကြံစည်နေတယ်လို့ စွပ်စွဲတာဟာ အဓိပ္ပာယ်မဲ့ကြောင်း နိုင်ငံခြားရေးဌာန လက်ထောက်ပြောရေးဆိုခွင့်ရှိသူ ဗီဒန် ပတေးလ်က မတ် ၁၈ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ကျူးဘားအစိုးရဟာ မတ် ၁၇ ရက်က ကျွန်းတခွင်မှာ ဆန္ဒပြမှုငါးခု ဖြစ်ပွားခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။
ကျူးဘားနိုင်ငံရှိ မြို့အများအပြားက ဆန္ဒပြမှုတွေဟာ လျှပ်စစ်မီး၊ စားနပ်ရိက္ခာနဲ့ အခြေခံလွတ်လပ်ခွင့်တွေကို တောင်းဆိုခဲ့ကြတာပါ။
ကျူးဘားသမ္မတ မစ်ဂွဲလ် ဒီယက်ဇ် ကနဲလ် ကတော့ အမေရိကန်ဟာ ကျူးဘားကျွန်းစုရဲ့ ကွန်မြူနစ်အစိုးရကို ဖြုတ်ချဖို့ ကြိုးပမ်းနေတယ်ဆိုတဲ့ ဟာဗားနားမှ သတ်မှတ်ထားတဲ့ စွပ်စွဲချက်တခုကို ထပ်ခါတလဲလဲ ပြောဆိုခဲ့ပါတယ်။
အမေရိကန်အစိုးရကတော့ ဆန္ဒပြပွဲတွေကို စောင့်ကြည့်နေပြီး ကျူးဘားအစိုးရကို ဆန္ဒပြသူတွေရဲ့ လူ့အခွင့်အရေးကို လေးစားဖို့နဲ့ ကျူးဘားပြည်သူတွေရဲ့ တရားဝင် လိုအပ်ချက်တွေကို ဖြေရှင်းပေးဖို့ တိုက်တွန်းခဲ့ပါတယ်။
ဒီမှတ်ချက်တွေကြောင့် ကျူးဘား နိုင်င်ငံခြားရေးဝန်ကြီးက အမေရိကန်သံအမတ်ကြီး ဘန်ဂျမင်ဇစ်ဖ်ကို ကျူးဘား ဒုတိယနိုင်ငံခြားရေးဝန်ကြီး ကားလော့စ် ဖာနန်ဒက်ဇ် ကော့စီယိုနဲ့ တွေ့ဆုံဖို့ ဆင့်ခေါ်ခဲ့ပြီး အမေရိကန်အစိုးရရဲ့ စွက်ဖက်ရေးဝါဒီ အပြုအမူနဲ့ ပုတ်ခတ်ပြောဆိုမှုတွေကို ပြတ်ပြတ်သားသား ငြင်းပယ်ခဲ့ကြောင်း ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ကာလရှည်ကြာ ရန်ဘက်နှစ်နိုင်ငံအကြားက အခုနောက်ဆုံးတင်းမာမှုဟာ ဒီမိုကရက်တစ် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် တက်လာပြီး ၂၀၂၁ ခုနှစ်ကစလို့ ကျူးဘားနဲ့ အမေရိကန်ကြားက အေးခဲနေဆဲ ဆက်ဆံရေးကို မီးမောင်းထိုးပြနေတာ ဖြစ်ပါတယ်။
Source/Photo-Reuters