ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်နဲ့ ဖျာပုံမြို့နယ်မှာ စစ်မှုထမ်းဖို့ မဲနှိုက်ရွေးချယ်ခံရတဲ့ လူငယ် နှစ်ယောက် အဆိပ်သောက်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ကန်ကြီးထောင့်မြို့နယ်၊ မြတ်လေးချောင်းအုပ်စု၊ ရေတွင်းချောင်ရွာမှာ မတ် ၁၆ ရက်က စစ်မှုထမ်းဖို့ လူငယ်တွေကို မဲနှိုက်ရွေးချယ်တာတွေ လုပ်နေတာဖြစ်ပြီး မဲပေါက်တဲ့လူငယ် သုံးယောက်ထဲက အသက် ၁၉ နှစ်ကျော်သာရှိသေးတဲ့ လူငယ် တဦးဟာ စစ်မှုမထမ်းချင်တာကြောင့် အဆုံးစီရင်သွားတာလို့ ဒေသခံတဦးက ပြောပါတယ်။
''ကောင်လေးက မနေ့က အဆုံးစီရင်သွားတာ။ အဆိပ်သောက်အဆုံးစီရင်တာလို့ သိရတယ်။ အမြန်မိသားစုက ကန်ကြီးထောင့်ဆေးရုံကိုတင်တာ အခြေအနေမဟန်လို့ အဲဒီနေ့မှာပဲ ပုသိမ်ပြည်သူ့ဆေးရုံမှာ အရေးပေါ်ပြောင်း ဆေးဝါးကုသမှုခံယူရင်း မနေ့ ၁၇ ညနေပိုင်းမှာပဲ ဆုံးသွားတာ။''
အဲ့ဒီ လူငယ်လေးအဆုံးစီရင်သွားတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ဒေသအုပ်ချုပ်ရေးအဖွဲ့က စစ်ကောင်စီ တပ်က ဆက်သွယ်သတင်းပေးပို့ခဲ့တာကြောင့် စစ်ကောင်စီတပ်က ကျန်ရစ်တဲ့မိသားစုကို နယ်မြေစခန်းကို ခေါ်ယူစစ်ဆေးနေပါတယ်။
အလားတူ ဖျာပုံမြို့နယ်ရှိ ကျေးရွာတရွာမှာလည်း ကျေးရွာအုပ်ချုပ်ရေးမှူးပါတဲ့အဖွဲ့က မတ် ၁၆ ရက်က စစ်မှုထမ်းဖို့အတွက် ကျေးရွာထဲရှိ လူငယ်တွေကို မဲနှုက်ရွေးချယ်တဲ့အခါ မဲပေါက်သွားတဲ့ အသက် ၁၇ ကျော်အရွယ် လူငယ် တဦးအဆိပ်သောက်ကာ အဆုံးစီရင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မိသားစုဝင်နဲ့ နီးစပ်သူ တဦးက ''မဲပေါက်တဲ့ ကောင်လေးက အသက် ၁၇ နှစ်အရွယ်လောက်ပဲ ရှိတဲ့ လူငယ်လေးပေါ့။ သူအပါအဝင် လူငယ်တွေကို ရွာမှာက ၁၆ ရက်နေ့က စစ်မှုထမ်းဖို့ မဲနှိုက်ရွေးချယ်တာ။ အဲ့ဒီ ကောင်လေးက မဲပေါက်တော့ အဲ့ဒီနေ့မှာပဲ ပိုးသတ်ဆေးသောက်အဆုံး စီရင်ခဲ့တာ။ ကောင်လေးရဲ့ အမေဆို စိတ်တောင် ပုံမှန်မဟုတ်တဲ့ အခြေအနေဖြစ်နေတယ်”လို့ ပြောပါတယ်။
ဧရာဝတီတိုင်းထဲက မြို့နယ်တွေမှာ ပြည်သူ့စစ်မှုထမ်း ဥပေဒအရ အသက် ၂၀ ကနေ ၃၀ အရွယ် လူငယ်အမျိုးသားတွေကို စစ်မှုထမ်းဖို့ဆိုပြီး သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးတွေနဲ့ ရပ်မိရပ်ဖတွေက မဲစနစ်နဲ့ ရွေးချယ်တာတွေကို မတ်လ တတိယပတ်က စတင်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီဟာ စစ်မှုထမ်းဖို့အတွက် တရားဝင်သတင်းထုတ်ပြန်ထားတဲ့ အသက်အရွယ်မှာ ၁၈ နှစ်ကနေ ၃၅ နှစ် အတွင်းဖြစ်ပေမဲ့လည်း တချို့ဒေသတွေမှာ အုပ်ချုပ်ရေးမှူးတွေက ပုဂ္ဂိုလ်ရေး မုန်းတီးမှုနဲ့ အသက်မပြည့်သေးတဲ့ ကလေးတွေကိုပါ ထည့်သွင်း မဲနှိုက်ရွေးချယ်နေတယ်လို့ သိရပါတယ်။