Home
နိုင်ငံတကာ
အီဂျစ်ကို ရန်ပုံငွေ ယူရို ၇ ဘီလီယံကျော်  EU ထောက်ပံ့မည်
DVB
·
March 19, 2024
egypt world 1932024

ဥရောပသမဂ္ဂ (EU) ဟာ ဥရောပဆီ လူတွေရွှေ့ပြောင်းဝင်ရောက်လာမှုကို ဟန့်တားရေး တွန်းအားပေးမှုရဲ့ တစိတ်တပိုင်းအဖြစ် အီဂျစ်နဲ့ ဆက်ဆံရေးကို အဆင့်မြှင့်တင်ဖို့ ယူရို ၇ ဒသမ ၄ ဘီလီယံ (အမေရိကန်ဒေါ်လာ ၈ ဒသမ ၀၆ ဘီလီယံ) ရန်ပုံငွေထောက်ပံ့မယ့် အစီအစဉ်ကို မတ် ၁၇ ရက်မှာ ကြေညာလိုက်ပါတယ်။

ဒီလုပ်ရပ်ကို လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်နေကြပါတယ်။ အီဂျစ်နဲ့ ဥရောပသမဂ္ဂရဲ့ ဆက်ဆံရေးကို မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံမှုအဖြစ် မြှင့်တင်ပေးတဲ့ ဒီသဘောတူညီချက်ကို ခေါင်းဆောင်တွေရဲ့ ကိုယ်စားလှယ်အဖွဲ့က အီဂျစ်မြို့တော် ကိုင်ရိုဆီ သွားရောက်လည်ပတ်တဲ့ ခရီးစဉ်အတွင်းမှာ ကြေညာခဲ့တာပါ။

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ ကုန်သွယ်မှုနဲ့ လုံခြုံရေး အပါအဝင် နယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဖို့ လာမယ့်သုံးနှစ်အတွင်း ထောက်ပံ့ငွေတွေ၊ ချေးငွေတွေနဲ့ တခြားရန်ပုံငွေတွေပေးဖို့ ရည်ရွယ်ထားပါတယ်။

အဆိုပြုထားတဲ့ ရန်ပုံငွေထဲမှာ သက်သာခွင့်ချေးငွေ ယူရို ၅ ဘီလီယံနဲ့ ရင်းနှီးမြှုပ်နှံမှု ယူရို ၁ ဒသမ ၈ ဘီလီယံ ပါတယ်လို့ EU က ထုတ်ပြန်တဲ့ အစီအစဉ် အကျဉ်းချုပ်ထဲမှာ ပါရှိပါတယ်။

ရွှေ့ပြောင်းနေထိုင်မှု ပြဿနာတွေကို စီမံခန့်ခွဲဖို့ ယူရိုသန်း ၂၀၀ အပါအဝင် ထောက်ပံ့ကြေး ယူရိုသန်း ၆၀၀ ထပ်ပေးဦးမှာပါ။

လူ ၁၀၆ သန်းရှိတဲ့ အီဂျစ်နိုင်ငံထဲမှာ မတည်မငြိမ် ဖြစ်နိုင်ခြေကို ဥရောပအစိုးရတွေက အချိန်အတော်ကြာ စိုးရိမ်နေခဲ့ပါတယ်။

လတ်တလောနှစ်တွေအတွင်း ရွှေ့ပြောင်းအခြေချသူ အရေအတွက် တိုးလာအောင် တွန်းအားပေးနေတဲ့ စီးပွားရေးအခြေအနေကြောင့် အီဂျစ်နိုင်ငံဟာ နိုင်ငံခြားငွေကို မြှင့်တင်ရေး ရုန်းကန်နေရပါတယ်။

ငွေကြေးဖောင်းပွမှုက စံချိန်တင် အမြင့်ဆုံးဆီ နီးကပ်လာနေပြီး အီဂျစ်နိုင်ငံသား အများအပြားက ဒီအခြေအနေကို ကျော်ဖြတ်ဖို့ ရုန်းကန်နေရတာပါ။

ဒါပေမဲ့ ပြီးခဲ့တဲ့လက အီဂျစ်ဟာ အာရပ်စော်ဘွားများပြည်ထောင်စုဆီက ရင်းနှီးမြှုပ်နှံမှုအတွက် စံချိန်တင် သဘောတူညီချက်တခု ရရှိခဲ့ပြီး အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) နဲ့ ချေးငွေအစီအစဉ်ကို တိုးချဲ့ခဲ့ပါတယ်။

ငွေကြေးကို သိသိသာသာ တန်ဖိုးချခဲ့လို့ အရင်လကစပြီး အစိုးရအပေါ် ဘဏ္ဍာရေးဆိုင်ရာ ဖိအားတွေ လျော့ပါးသွားခဲ့ပါတယ်။

အီဂျစ်ဟာ အစ္စရေးနဲ့ ဟားမတ်စ်တို့ကြား ဖျန်ဖြေပေးနေတာပါ။ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ တိုးမြှင့်ပေးပို့ဖို့ ကြိုးပမ်းနေလို့ ဂါဇာစစ်ပွဲမှာ အီဂျစ်ရဲ့ ဗျူဟာမြောက် အရေးပါမှုကို မီးမောင်းထိုးပြခဲ့တယ်လို့ သံတမန်တွေက ပြောခဲ့ပါတယ်။

ကမ္ဘာပေါ်မှာ အကြီးမားဆုံး အိုးမဲ့အိမ်မဲ့ အကျပ်အတည်းကို ဖန်တီးခဲ့တဲ့ အိမ်နီးချင်း ဆူဒန်က ပဋိပက္ခကြောင့်လည်း အီဂျစ်ဟာ လူသားချင်းစာနာမှု အကူအညီတွေ ပိုတိုးပေးပို့နေရပါတယ်။

မတ် ၁၇ ရက်က ကိုင်ရိုမြို့တော်မှာ အီဂျစ်သမ္မတ အဘ်ဒယ် ဖာတာ အယ်လ်စီစီနဲ့ တွေ့ဆုံဖို့ ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလေယန်ဟာ အီတလီ၊ ဂရိ၊ သြစတြီးယား၊ ဘယ်လ်ဂျီယံ ဝန်ကြီးချုပ်တွေနဲ့ ဆိုက်ပရပ်စ်သမ္မတတို့ပါတဲ့ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ခဲ့ပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013