Home
မြန်မာသတင်း
နောင်တရားဒေသတွင် PNA က စစ်အသုံးစရိတ် ကောက်ခံ
DVB
·
March 18, 2024
NaungTaYar_18032024

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နောင်တရားဒေသမှာ ပအိုဝ်းပြည်သူ့စစ် (PNA) က စစ်အသုံးစရိတ်အတွက် ကျေးရွာထဲမှာ တအိမ် ၁၀၀,၀၀၀ ကောက်ခံနေတယ်လို့ ရွာသားတွေက ပြောပါတယ်။

တအိမ် ၁၀၀,၀၀၀ အပြင် အိမ်စီးကားတစီး ၅၀,၀၀၀၊ ကန်တာကား တစီး ၁၀၀,၀၀၀ ကျပ်၊ ထွန်စက်တစီး ၁၅၀,၀၀၀ ပါ ထပ်မံကောက်ခံနေတယ်လို့ ဆိုပါတယ်။

နောင်တရားဒေသ ခြမ်းကျေးရွာမှ အမျိုးသားတဦးက “တအိမ် ၁၀၀,၀၀၀ ကသပ်သပ်၊ ကားအစုံရှိတဲ့အိမ်က ၇၀၀,၀၀၀ လောက်ပေးရတယ်။ ရွာမှာက စိုက်ပျိုးရေးလုပ်တာလေ၊ ထွန်စက်တွေ ကန်တာကားတွေက အိမ်တိုင်းနီးပါးရှိတယ်။ အဲကျတော့ တအိမ် ၁၀၀,၀၀၀ သာပြောတာ၊ အများကြီးပေးရတယ်။ မကောက်နိုင်ရင် ရွာကနေပြောင်းတဲ့။ အခုချိန်က စိုက်ပျိုးနေပြီလေ၊ စိုက်လို့တောင် မပြီးသေးဘူး၊ တချို့ဆို ကြက်သွန်ခင်းတွေ၊ လယ်ခင်းတွေနဲ့ ဘယ်လိုပြောင်းမတုန်း” လို့ ပြောပါတယ်။

မတ် ၁၀ ရက်မှာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ PNA စစ်အရာရှိတွေက ဘုန်းကြီးကျောင်းမှာ အစည်းအဝေးလုပ်ပြီး ငွေကြေးကောက်ခံဖို့ အမိန့်ပေးထားတာလို့ သိရပါတယ်။

ကိုယ်ဝန်ရှစ်လ လွယ်ထားရတဲ့ နောင်တရားနယ်ခံ အမျိုးသမီးက “ပိုက်ဆံမထည့်နိုင်ရင် အိမ်ကနေ ထွက်သွားရမယ်။ ဘာပစ္စည်းမှမယူရဘူး။ ဒုက္ခကြီးလိုက်တာ။ ကျမက ကိုယ်ဝန်နဲ့ဆိုတော့ ဘယ်သွားနေရမလဲမသိဘူး။ ကလေးမွေးဖွားစရိတ်တောင် မရှာရသေးဘူး၊ သူတို့ကို ပိုက်ဆံထည့်ပေးရဦးမယ်။ ခွဲသွင်းလို့လည်း မရဘူးတဲ့။ ကျမတို့တောင် အာလူးခြံမှာ နေ့စားသွားလိုက်ရတာ” လို့ ပြောပါတယ်။

နောင်တရားကျေးရွာအုပ်စု၊ နမ်းပလင်းကျေးရွာအုပ်စု၊ နောင်ပီးကျေးရွာအုပ်စုနဲ့ ပေါ့အင်ကျေးရွာအုပ်စု စတဲ့ ကျေးရွာအုပ်စုတွေထဲက ကျေးရွာပေါင်း ၁၀၀ ကျော်မှာ PNA က စစ်အသုံးစရိတ် ကောက်ခံနေတာ ဖြစ်ပါတယ်။

ပင်လောင်းမြို့နယ်ဟာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ပါရှိပြီး အခုလတ်တလောမှာ PNA တပ်နဲ့ ကရင်နီအမျိုးသားပြည်သူ့ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲဖြစ်နေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013