Home
မြန်မာသတင်း
နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေးပွဲ၌ စစ်တပ်၏လုပ်ရပ်များကို ထိမ်ချန်ထား  
အောင်သူ
·
March 18, 2024
SAC-meet-Party_06022024

စစ်ရေးနဲ့မဆိုင်တဲ့ ပစ်မှတ်တွေကို လက်နက်ကိုင်ထားတဲ့သူတွေအားလုံးက မတိုက်ခိုက်ဖို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနဲ့ နိုင်ငံရေးပါတီ ၂၄ ပါတီတို့က တွေ့ဆုံ ဆွေးနွေးခဲ့ပေမဲ့  စစ်ကောင်စီရဲ့  အကြမ်းဖက်လုပ်ရပ်တွေကိုတော့ ထိမ်ချန်ထားပြီး သဘောထားထုတ်ပြန်ခဲ့ပါတယ်။

စစ်ရေးနဲ့သက်ဆိုင်ခြင်းမရှိတဲ့ နေရာတွေမှာ တပ်စခန်းချတာ ပစ်ခတ်တိုက်ခိုက်တာတွေ လမ်းတံတားတွေ ဖျက်ဆီးတာတွေနဲ့  ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်နစ်နာမယ့်လုပ်ရပ်တွေကို လက်နက်ကိုင်ထားတဲ့သူ အားလုံးက မလုပ်ဆောင်ကြဖို့ ကြံ့ခိုင်ရေးပါတီနဲ့ မှတ်ပုံပြင်တင်ထားတဲ့ နိုင်ငံရေးပါတီ ၂၄ ပါတီက မတ်လ ၁၆ ရက်နေ့က ရန်ကုန်မှာရှိတဲ့ ကြံ့ခိုင်ရေးပါတီ ဌာနချုပ်ရုံးခွဲမှာ ဆွေးနွေးခဲ့ကြတာပါ။

အဲဒီဆွေးနွေးမှုအပြီးမှာ အချက် ၆ ချက်ပါတဲ့ ပူးတွဲသဘောထားထုတ်ပြန်ချက် ထုတ်ပြန်ခဲ့ပြီး ဒီအထဲမှာ စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့မှု၊ မြို့ရွာနဲ့လမ်းတံတာတွေကို ဖျက်ဆီးခဲ့မှုတွေကို  ချန်လှပ်ပြီး တိုင်းရင်းသား တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ကျူးလွန်ခဲ့တာတွေကိုသာ ဖော်ပြခဲ့ပြီး အဲဒီဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ နိုင်ငံရေးပါတီတချို့ရဲ့ တင်ပြဆွေးနွေးမှုတွေကို ထုတ်ပြန်ခဲ့ခြင်း မရှိပါဘူး။

ဥက္ကဋ္ဌ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားဖွံဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ စိုင်းဌေးအောင်က  အခုလိုနိုင်ငံရေးပါတီတွေ တွေ့ဆုံဆွေးနွေးမှုဟာ လက်ရှိမြန်မာနိုင်ငံမှာ စစ်ဘောင်ကျယ်ပြန့်ပြီး နိုင်ငံရေးဘောင်ကျဉ်းမြောင်းလာမှုကို တနည်းတဖုံ အထောက်အကူပြုနိုင်ဖို့အတွက်ဖြစ်ပြီး နိုင်ငံတော်နဲ့နိုင်ငံသားတွေရဲ့ အကျိုးကို ပျက်စီးအောင် လုပ်ဆောင်နေတဲ့ အဖွဲ့တိုင်းကို ရှုတ်ချကြောင်း ထုတ်ပြန်တာဖြစ်တယ်လို့ အဲဒီဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ  ဦးသိမ်းကြည်က ပြောပါတယ်။

ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီကတော့ အခုတွေ့ဆုံမှုဟာ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က နိုင်ငံရေးပါတီ ၁၃ ပါတီရဲ့ အလွတ်သဘော ဆွေနွေးမှုရဲ့ နောက်ဆက်တွဲ လုပ်ငန်းစဉ်ဖြစ်ပြီး အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားတဲ့အဖွဲ့တွေရဲ့ စစ်ရေးပစ်မှတ်မဟုတ်တာတွေနဲ့ နိုင်ငံတော်ရဲ့အနာဂတ်ကို ဖျက်ဆီးတဲ့  လုပ်ရပ်တွေကို ဆန့်ကျင်ကန့်ကွက်ပြီး ပါတီတစ်ခုချင်းရဲ့ သုံးသပ်ချက်တွေကို ဆွေးနွေးခဲ့ကြတာလို့ သူရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

ဒါပေမဲ့ အဲဒီအဆွေးနွေးပွဲကိုတက်ရောက်ခဲ့တဲ့နိုင်ငံရေးပါတီတွေကတော့ စစ်တပ်အပါအဝင် အကြမ်းဖက်လုပ်ရပ်တွေကို လုပ်ဆောင်နေတဲ့ အဖွဲ့တိုင်းကို ရှုတ်ချကြောင်း ဆွေးနွေးခဲ့ကြတာ ဖြစ်တယ်လို့ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဦးအေးလွင်က ပြောပါတယ်။

အခု တွေ့ဆုံမှုမှာတော့ နိုင်ငံရေးပါတီတွေအနေနဲ့ အကြမ်းဖက်လုပ်ရပ်တွေနဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးကို ထိခိုက်ပျက်စီးစေမယ့် လုပ်ရပ်တွေကို ပြင်းထန်စွာ ဆန့်ကျင် ကန့်ကွက် ရှုတ်ချတယ်လို့ ထုတ်ပြန်ပါတယ်။

အဲဒီဆွေးနွေးပွဲကို မှတ်ပုံပြင်တင်ထားတဲ့နိုင်ငံရေးပါတီ ၂၄ ပါတီက ဦးဆောင်သူတွေအပါအဝင် နိုင်ငံခြားသံရုံးတချို့က ကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့ပါတယ်။  

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013