ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ ပေါက်ကုန်း၊ ဟန်းတဲ၊ ဆင်ကုန်း၊ ရွှေကျောင်းကုန်း၊ ရွှေကျီးနား ရပ်ကွက်တွေမှာ မတ် ၁၇ ရက်က အုပ်ချုပ်ရေးမှူးတွေနဲ့ စစ်ကောင်စီတပ်က အရပ်ဝတ်တွေနဲ့ အသက် ၁၈ မှ ၃၅ နှစ်ပြည့်ကာနီး လူငယ်တွေကို စစ်မှုထမ်းဥပဒေအရဆိုကာ မဲနှိုက်ရွေးချယ်ခဲ့ပြီး လူငယ်တချို့ထံ အစည်းအဝေးဖိတ်ကြားစာတွေရောက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြို့ခံတဦးက “နာမည်ပျက်ရှိတဲ့ မြို့ထဲက သူဋ္ဌေး ခရိုနီတွေလည်း ပါနေတယ်။ ရပ်ကွက်အလိုက် လူဦးရေ အရေအတွက် မတူညီကြဘူး။ တချို့ရပ်ကွက်မှာ ၂၀၊ တချို့ရပ်ကွက်မှာ ၁၀ ဦး၊ ၁၅ ဦး၊ ရပ်ကွက်သေးတာက ၅ ဦးစီလောက်တော့ အကြမ်းဖျင်းသိရတယ်။ ပေါက်ကုန်းဥက္ကဋ္ဌဆို တော်တော်ဆိုးတယ်။ တချို့ဥက္ကဋ္ဌတွေက မပါဝင်ချင်တော့ ရပ်ကွက်က စာရေးမတွေနဲ့ရော လဝက က အရာရှိတွေနဲ့ စာရေးတွေက စစ်ကောင်စီအလိုကျ လိုက်လုပ်နေကြတယ်။ သင်တန်းတက်ပြီးရင် အိမ်ပြန်ရမှာလို့လည်း စည်းရုံးနေကြတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ် အလိုတော်ကျ ရပ်ကွက်အုပ်ချုပ်ရေးမှူးတချို့ဟာ တက်တက်ကြွကြွ ဆောင်ရွက်နေကြပြီး တချို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက မလုပ်ချင်ပေမဲ့ လုပ်နေကြရကာ စကားများတဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။
မိခင်တဦးက “ကျမမှာ သားရော သမီးရော အရွယ်ကောင်းတွေ ရှိတယ်။ စိုးရိမ်နေရတယ်။ သူတို့လုပ်စာ စားနေရတာလေ။ ဥက္ကဋ္ဌတွေ ဋ္ဌာနဆိုင်ရာ အရာရှိတွေက သူတို့သားတွေ သမီးတွေကျတော့ လေယာဉ်နဲ့ နေပြည်တော်ကို ရှောင်ခိုင်းပြီး မတရားလုပ်နေကြတာ။ ပြည်သူ့ကာကွယ်ရေး တပ်မတော်သားတွေ အနေနဲ့ ထိထိရောက်ရောက် နမူနာပြပေးပါလို့ တောင်းဆိုပါတယ်” လို့ ပြောပါတယ်။
မတ် ၁၇ ရက်က ဗန်းမော် မြို့ပြပြောက်ကျားအဖွဲ့ (KUG) က စစ်ကောင်စီအလိုကျ တက်တက်ကြွကြွ ပြုလုပ်ဆောင်ရွက်နေကြတဲ့ အုပ်ချုပ်ရေးမှူးတွေနဲ့ အပေါင်းပါတွေကို သတိပေးချက် ထုတ်ပြန်လိုက်ပြီး အဆိုပါသတိပေးစာမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတွေ စစ်ကောင်စီ စစ်မှုထမ်းဥပဒေ အသက်ဝင်ရေးအတွက် ပါဝင်ဆောင်ရွက်နေတယ်လို့ သတင်းရရှိထားကြောင်း၊ ဆက်လက်ပါဝင်ပတ်သက်နေပါက ထိရောက်စွာ အပြစ်ပေး ဆောင်ရွက်သွားမှာဖြစ်ကြောင်း လူသားချင်းစာနာမှုနဲ့ ကြိုတင်သတိပေးလိုက်တယ်လို့ ဖော်ပြထားကြောင်း သိရပါတယ်။