စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ အင်းကျေးရွာကို လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ တဦးသေဆုံးပြီး ဘုန်းကြီးတပါး အပါအဝင် သုံးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မတ် ၁၇ ရက် နေ့လယ် ၂ နာရီခွဲမှာ အင်းကျေးရွာက ဘုန်းကြီးကျောင်းအနီးကို A5 တိုက်ခိုက်ရေးလေယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
လေကြောင်းပစ်ခတ်ခံရမှုကြောင့် အင်းကျေးရွာမှာ နေထိုင်တဲ့ အသက် ၅၄ နှစ်အရွယ် ဦးထွန်းဝေ ဆိုသူ ခြေနှစ်ဖက်ပြတ်ကာ သွေးထွက်လွန် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အင်းရွာဘုန်းကြီးကျောင်းက ဘုန်းကြီးတပါးနဲ့ ရွာသား အမျိုးသားနှစ်ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ဒေသခံတဦးက “ရွာနားမှာ တိုက်ပွဲမရှိဘူး၊ စစ်ကြောင်းတောင်မထိုးတဲ့ နေရာတွေပါ။ ဘုန်းကြီးကျောင်းနားကို ရော့ကတ်နဲ့ ပစ်သွားတာ။ စစ်တပ်ကတော့ ဒီလိုပဲ ပစ်နေတာပါပဲ။ ဒဏ်ရာရတာက သုံးယောက်၊ ဘုန်းကြီးတပါးနဲ့ ရွာသားနှစ်ယောက်၊ ဦးဝေကတော့ ခြေနှစ်ဖက်ပြတ်ပြီးတော့မှ သွေးထွက်လွန်ပြီး ဆုံးသွားတယ်” လို့ ပြောပါတယ်။
လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အင်းရွာဘုန်းကြီးကျောင်းနဲ့ လူနေအိမ်လေးလုံး မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။