Home
မြန်မာသတင်း
တနိုင်းတိုက်ပွဲတွင် စစ်တပ်က လေယာဉ်ဖြင့်ဗုံးကြဲ၊ ဆီဆိုင်စစ်ရှောင် ၂၀၀ ကျော် အကူအညီ လိုအပ်နေ
DVB
·
March 18, 2024
IDP_18032024

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်မှာ မတ် ၁၈ ရက် မနက်ကစတင်ပြီး ကချင်လွတ်မြောက်ရေးတပ် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကချင်လွတ်မြောက်ရေးတပ် (KIA) နဲ့ ပူးပေါင်းတပ်ဖွဲ့က နမ့်ဂေါင်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို သွားရောက်တိုက်ခိုက်ခဲ့တဲ့အတွက် နှစ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

ဒေသခံတဦးက “မနက် ၆ နာရီလောက်က စပြီး တိုက်ပွဲဖြစ်နေတာ။ စစ်တပ်စခန်းကို KIA က လာတိုက်တာ။ စစ်တပ်က လေယာဉ်နဲ့လည်း ဗုံးကြဲတာ နှစ်ကြိမ်ရှိပြီ။ လက်နက်ကြီးတွေနဲ့လည်း ပစ်တယ်။ အခုထိလည်း ပစ်ခတ်နေကြတုန်းပဲ” လို့ ပြောပါတယ်။

တနိုင်းမြို့နဲ့ ၁၀ မိုင်ခန့်အကွာ နမ့်ဂေါင်ကျေးရွာအဝင် ကြိုးတံတားအနီးမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က လေယာဉ်နဲ့ မနက် ၉ နာရီကျော်လောက်က တကြိမ်၊ မနက် ၁၁ နာရီခွဲလောက်က တကြိမ် ဗုံးကြဲခဲ့ပါတယ်။

ကချင်လွတ်မြောက်ရေးတပ် (KIA) နဲ့ စစ်ကောင်စီတပ်တို့ နေ့လယ်ပိုင်းအထိ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပြီး နှစ်ဖက် ထိခိုက်ကျဆုံးမှုကိုတော့ သက်ဆိုင်ရာအဖွဲ့အစည်းတွေက ထုတ်ပြန်တာ မရှိသေးပါဘူး။

ကချင်ပြည်နယ်အတွင်းမှာ မတ် ၇ ရက်က စတင်ကာ KIA နဲ့ ပူးပေါင်းအဖွဲ့က စစ်ကောင်စီတပ်စခန်းတွေကို သိမ်းပိုက်မှုတွေ ဆက်လက်ပြုလုပ်နေပြီး စစ်ရေးပြင်းထန်နေတာပါ။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်မှာတော့ စစ်ကောင်စီနဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA) တပ်တွေ တိုက်ပွဲဖြစ်ပွားတဲ့အတွက် မြို့အရှေ့ဘက် လွယ်တဖြီးတောင်ခြေကို သွားရောက် စစ်ရှောင်နေတဲ့ ဒေသခံ ၂၀၀ ကျော်ဟာ ဒီနေ့အထိ အကူအညီ မရရှိသေးဘူးလို့ သိရပါတယ်။

တိုက်ပွဲတွေကြောင့် လွယ်တဖြီးတောင်ခြေက ကျောက်ဆောင်တွေထဲမှာ ထွက်ပြေးလာရပြီး နှစ်လနီးပါးကြာ စစ်ရှောင်နေကြရတာ ဖြစ်ပါတယ်။

စစ်ဘေးရှောင်အရေး အကူအညီပေးနေတဲ့ အမျိုးသားတဦးက “ကျေးရွာနဲ့ နီးနီးနားနား ရှောင်ကြတဲ့သူတွေပါ။ တိုက်ပွဲက မကြာလောက်ဘူးထင်ပြီး တောင်ခြေမှာ သွားရှောင်ကြတာပါ။ အဲ့တာတောင် အရင်ရက်တွေက ဒရုန်းနဲ့ရောက်လာပြီး ဗုံးတွေကြဲချသေးတယ်။ လူတွေက ဘာမှမဖြစ်သွားဘူး၊ ကျောက်ဆောင်တွေအောက်မှာ ဆို‌တော့ လုံခြုံတယ်၊ ဒါပေမဲ့ ဒရုန်းနဲ့ရောက်လာပြီး ကြည့်ကတည်းက စစ်သားမဟုတ်ဘူး၊ အရပ်သားတွေမှန်း သိသိနဲ့ ဗုံးကြဲတာတော့ မလုပ်သင့်ဘူးလေနော်။ အဲဒါတွေကြောင့် စစ်ရှောင်တွေက အပြင်မထွက်ရဲဘူး၊ အိမ်ပြန်ပြီး စားစရာမယူရဲဘူး၊ ဘယ်သူမှလည်း လာကူညီလို့မရတဲ့ အနေအထားမှာ ရှိနေတာ” လို့ ပြောပါတယ်။

မြို့တွင်းမှာလည်း ပြီးခဲ့တဲ့ မတ် ၁၀ ရက်ကစပြီး နှစ်ဖက်တိုက်ပွဲတွေ ပြန်ပြင်းထန်လာတဲ့အတွက် မြို့နဲ့ အနီးတဝိုက်က စစ်ဘေးတိမ်းရှောင်သူတွေကို အကူအညီပေးဖို့ ခက်ခဲနေတယ်လို့ ဆိုပါတယ်။

လွယ်တဖြီးတောင်ခြေအပြင် တောထဲ၊ တောင်ပေါ်နဲ့ ရေခန်းသွားတဲ့ ကျေးရွာချင်းဆက် တံတားတွေအောက်မှာ စစ်ဘေးတိမ်းရှောင်သူ လူ ၁,၀၀၀ နီးပါးဟာ အမိုးအကာ၊ စားနပ်ရိက္ခာ၊ သောက်သုံးရေ အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013