Home
မြန်မာသတင်း
မိုးမောက်မြို့နယ် ရွာပေါင်း ၃၀ ကျော် စစ်ဘေးရှောင်ရ 
DVB
·
March 18, 2024
BanMaw IDPs 1_18032024
BanMaw IDPs 2_18032024
BanMaw IDPs 3_18032024
BanMaw IDPs 4_18032024

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့အပတ်က ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)နဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး စစ်ကောင်စီတပ်စခန်းတွေကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်တာကြောင့်  ရွာပေါင်း ၃၀ ကျော်က ဒေသခံတွေ စစ်ဘေးရှောင်နေရပါတယ်။

စစ်ကောင်စီက ရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတာကြောင့် အိမ်တွေ ထိခိုက်ပျက်စီးတာ၊ ရွာသားတွေထိခိုက်ဒဏ်ရာရ သေဆုံးတာတွေရှိခဲ့လို့  ရွာမှာမနေရဲတော့ဘဲ ဘေးလွတ်ရာထွက်ပြေး တိမ်းရှောင်နေကြပါတယ်။

အထူးသဖြင့် တာပိန်မြစ်ဝှမ်းတလျှောက် ကျေးရွာနဲ့ မိုးမောက်မြို့နယ်ရှိ ရွာပေါင်း ၃၀ ကျော်က ရွာသားတွေဟာ မန်နောင် ၊ နန်းအီစတဲ့ရွာတွေဘက်ကို တိမ်းရှောင်သွားကြသလို ဗန်းမော်မြို့ပေါ် ဘုန်းကြီးကျောင်းကို ရောက်ရှိလာကြောင်း ၊ ဗန်းမော်ခရိုင် ရှမ်းစာပေယဉ်ကျေးမှု အသင်းတိုက် မှာလည်း လူဦးရေ  ၁၀၀၀ ကျော်ရောက်နေတယ်လို့  ရှမ်းစာပေယဉ်ကျေးမှုအဖွဲ့ဝင် တဦးက ဒီဗွီဘီကို ပြောပါတယ်။

“ဗန်းမော်မြို့ပေါ်ကိုလည်း စစ်ဘေးရှောင် ၁၀၀၀ ကျော်ရောက်နေပါတယ်။ မံစီမြို့နယ်ထဲက ရွာသားတွေရော၊ မိုးမောက်မြို့နယ် နွန်လန်၊ နောင်ကောင်၊ နန်းအီ၊ ‌ဒေါ့ဖုန်းယန်၊ ကုန်းလော၊ တာလီ၊ တိုးပေ၊ နမ့်တိမ်၊ ကျယ်ဟတ်၊ မြို့သစ်၊ လွယ်ကျယ်၊ ပန်ကောင်းမူး  အဲဒီဘက်တွေကပါ။ ဘုန်းကြီးကျောင်းမှာ ဆရာတော်နဲ့ သံဃာတွေ၊ ဒကာတွေ စားရေးသောက်ရေးအတွက် ကူညီပေးနေတယ်၊ ရှမ်းစာပေအသင်းတိုက်မှာလည်း ၁၀၀၀ ကျော် ရောက်နေတာ။ အသင်းရန်ပုံငွေနဲ့ ထောက်ပံ့ကူညီနေပါတယ် ။”

နန်းအီရွာမှာဆိုရင် မူလက တာလီရွာသားတွေ စစ်ဘေးရှောင်နေကြကြောင်း၊ ပြီးခဲ့တဲ့ ၁၁ ရက်ကတော့ ရွာထဲကိုလက်နက်ကြီးကျလာလို့ မိန်းကလေး ၃ ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ်။

အဲဒီထဲမှာ နွေရာသီရှမ်းစာပေသင်တန်း လုပ်အားပေးဆရာမ တယောက်လည်း သေဆုံးသွားတယ်ပြီး နောက်ရွာသား ၂ ဦးလည်း ဒဏ်ရာရကာ နေအိမ် တလုံး ၊ စပါးကျီတခုနဲ့ နွားတင်းကုပ် နှစ်ခုပျက်စီးသွားတယ်၊ ဒါကြောင့် နန်းအီရွာသားတွေကပါ ထပ်ပြီးစစ်ဘေးရှောင်နေရတာလို့  ဗန်းမော်ဒေသခံတစ်ဦးက ပြောပါတယ်။

ကေအိုင်အေနဲ့  KPDF ပူးပေါင်းတပ်ဖွဲ့ဝင်တွေဟာ ဗန်းမော်ခရိုင် မံစီမြို့နယ်ထဲက စစ်ကောင်စီ စခန်းတွေကို ဒီနှစ် ဇန်နဝါရီလကစ ဝင်ရောက်တိုက်ခိုက်ခဲ့သလို ဒီမတ် ၇ ရက်ကစ မြစ်ကြီးနား - ဗန်းမော်ကြားရှိ စစ်ကောင်စီတပ်စခန်းတွေ၊ ဌာနချုပ်လိုင်ဇာအနီးရှိ စစ်ကောင်စီ တပ်စခန်းတွေကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ရာက တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။ 

Photo - Local

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013