Home
မြန်မာသတင်း
မတ္တရာတွင် စစ်တပ်က နာရေးကူညီမှုအသင်းရုံးနှင့် ကားများကို ပစ်ခတ်ပြီးမီးရှို့
DVB
·
March 18, 2024
MattayarFire_18032024

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ရွေးရွာကို စစ်ကောင်စီတပ်က ဒီနေ့ မတ် ၁၈ ရက် မနက်ပိုင်းက ဝင်ရောက်ပစ်ခတ်ပြီး ကျေးရွာအတွင်းက နာရေးကူညီမှု ပရဟိတအသင်းရုံးနဲ့ ကားကို မီးရှို့ခဲ့တယ်လို့ ဒေသခံရွာသားတွေဆီကနေ သိရပါတယ်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းဟာ အင်အား ၁၀၀ နဲ့ မတ္တရာမြို့ကနေ မနက် ၅ နာရီခွဲက စတင်ပြီး စစ်ကြောင်းထိုးလာတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

မတ္တရာမြို့နယ်ဒေသခံ ကိုတိုးကြီးက “ရွာထဲဝင်လာလာချင်းကို သေနတ်တွေနဲ့ ရမ်းသန်းပစ်ခတ်ခဲ့တာဗျ။ ပစ်ခတ်လို့ အသက် ၁၃ နှစ် ကလေးငယ်တဦး ဦးခေါင်း ကျည်ထိမှန်တယ်ဗျ။ ကျည်ကရှပ်ထိလို့ ကံကောင်းတာ။ နောက်တယောက်က အမျိုးသမီးတဦး၊ ဖနောင့်ကို ကျည်ထိမှန်ခဲ့သေးတယ်။ နောက်ပြီးတော့ ရွာထဲက ဖမ်းမိတဲ့လူတွေကို ဓမ္မာရုံမှာ ဖမ်းထားပြီးတော့ ရွာထဲက နေအိမ်နဲ့ ကားတစီးကိုလည်း စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့တယ်ဗျ။‌ နောက်ပြီး‌တော့ မြင့်မြတ်သောနှလုံးသား ပရဟိတရုံး အဆောက်အဦနဲ့ အသင်းကားတစီးကို မီးရှို့ဖျက်ဆီးသွားတယ်။ နောက်ထပ် အသင်းပိုင်ကားကိုလည်း မတ္တရာမြို့ကို ယူသွားတယ်။ ဖမ်းဆီးထားတဲ့ ပြည်သူတွေထဲက အမျိုးသမီးနှစ်ယောက်ကိုလည်း ခေါ်သွားတယ်” လို့ ပြောပါတယ်။

ဒေသကာကွယ်ရေး‌ခေါင်းဆာင်တဦးက “ကျနော်တို့နဲ့ တိုက်ပွဲမဖြစ်ဘူး။ အရင် မတ်လ ၁၂ ရက်‌နေ့ကလားမသိဘူး အဲဒီရွာအနီး စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲခံရတာတော့ ရှိတယ်။ အဲဒါကြောင့် ရွာကို အခုလို အကြောင်းမဲ့လုပ်သွားတာဖြစ်မယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ကတော့ နေ့ခင်းပိုင်းမှာ ရွေးရွာကနေ မတ္တရာမြို့ကို ပြန်ထွက်သွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013