ဘယ်ရီသီးလာခူးမယ့် ထိုင်း၊ ကမ္ဘောဒီးယားနဲ့ မြန်မာ ၃ နိုင်ငံကို ဖင်လန်နိုင်ငံက ဗီဇာလျှောက်ထားမှု ဆိုင်းငံ့ထားတယ်လို့ သိရပါတယ်။
ခုလိုဆုံးဖြတ်ချက်ဟာ လူကုန်ကူးမှု လမ်းကြောင်း သံသယနဲ့ လုပ်ဆောင်တာဖြစ်ပြီးတော့ အဆိုပါနိုင်ငံသားတွေဟာ ရာသီအလိုက် ဘယ်ရီသီးခူး အလုပ်သမားဗီဇာအတွက် အရည်အချင်းပြည့်မီဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
ဖင်လန်နိုင်ငံခြားရေးဝန်ကြီးဌာနက အခုနှစ်မှာ ၂ နှစ်ဆက်တိုက် ထိုင်းနိုင်ငံကို ရက်တိုနေထိုင်ခွင့် ဗီဇာရွေးချယ်ခွင့်ရှိတဲ့ နိုင်ငံစာရင်းကနေ ဖယ်ရှားဖို့ ဆုံးဖြတ်ခဲ့တာလို့ သိရပါတယ်။
ဒါ့အပြင် ကမ္ဘောဒီးယားနဲ့ မြန်မာနိုင်ငံတွေဟာလည်း ဗီဇာလျှောက်ထားမှုကို ဘန်ကောက်မြို့က ဖင်လန်သံရုံး စီရင်ပိုင်ခွင့်အောက်မှာ လုပ်ဆောင်နေတာကြောင့် အဆိုပါ ဆုံးဖြတ်ချက်က ၂ နိုင်ငံလုံးကို ကန့်သတ်ထားကြောင်း SchengenVisaInfo က ဖော်ပြပါတယ်။
ဖင်လန်နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ အဆိုအရ ဘယ်ရီသီးခူးဖို့အတွက် ဗီဇာရရှိထားတဲ့ ထိုင်းနိုင်ငံသားတွေဟာ လူကုန်ကူးမှုတွေမှာ မကြာခဏ ပါဝင်ပတ်သက်နေတယ်လို့ သံသယရှိကြပြီး လူကုန်ကူးခံရသူ အရေအတွက် ရာနဲ့ချီရှိနေတယ်လို့ ခန့်မှန်းထားတာပါ။
လက်ရှိမှာတော့ အစိုးရအနေနဲ့ နိုင်ငံတွင်း ဘယ်ရီသီးခူးသူများအတွက် ဝင်ရောက်ခွင့်၊ လာမယ့်နှစ် ရိတ်သိမ်းရာသီအတွက်နဲ့ ဆက်လက်ပြီးတော့ ဖြေရှင်းနိုင်မယ့် နည်းလမ်းသစ်တွေ ရှာဖွေဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။